သတင်း

တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူနိုင်ရေး ချေးငွေ ထုတ်ချေးပေးရန် စီစဉ်နေ

This article has been converted from Zawgyi One to Unicode

အစိုးရသစ် လက်ထက် အကောင်အထည်ဖော်မည့် ကျပ် သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ရာများ ဝယ်ယူနိုင်ရန် ပြည်သူများအား ထုတ်ချေးပေးမည့် ချေးငွေအတွက် ဂျပန်၊ ကိုရီးယား၊ တရုတ် နိုင်ငံများနှင့် ဆွေးနွေးနေကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်(CHD)မှ သိရသည်။

CHD ဘဏ် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က “ငွေချေးပေးနိုင်အောင် နိုင်ငံခြားနဲ့ ဆွေးနွေးနေတယ်။ အဓိကက တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ စကားပြောနေတယ်။ အတိုးနှုန်းနည်းနည်းနဲ့ ချေးပေးနိုင်ဖို့ သူတို့လည်း စဉ်းစားနေတယ်”ဟု ပြောသည်။

ပြီးခဲ့သည့်မေလအတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ရက် ၁၀၀ စီမံကိန်းအရ အစိုးရသစ် လက်ထက်၌ ပြည်သူလူထုနေထိုင်မှု အဆင်ပြေစေရန် ကျပ် သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ခန်း ၈၀၀၀ ကျော်ကို ၂ နှစ် အတွင်း ဆောက်လုပ်ပေးမည် ဖြစ်ကြောင်းနှင့် ထိုအိမ်ရာများကို ပြည်သူများက ဝယ်ယူနိုင်ရန် ချေးငွေကို CHD ဘဏ်က ထုတ်ချေးမည် ဖြစ်ကြောင်း ပြောဆိုသည်။

ပြည်ပမှ ချေးငွေရရှိမှု အခြေအနေနှင့် ပတ်သက်ပြီး ညွှန်ကြားရေးမှူး ဦးဝင်းဇော်က “နိုင်ငံတော်အစိုးရ ကိုယ်စားပြုတဲ့ ဆောက်လုပ် ရေး ဝန်ကြီးဌာနက လုပ်မယ့်ကိစ္စ၊ ဘဏ်ကလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကြီးကြပ်ပြီးလုပ်တဲ့ ဘဏ်ဆိုတော့ သူတို့က သဘောကျတယ်။ ပြီးခဲ့တဲ့နှစ်ထက် စာရင်တော့ ဒီငွေတွေကို ရလာဖို့ သေချာပြီ”ဟု ပြောသည်။

ကျပ် သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ၂ နှစ်အတွင်း ပြီးစီးရန် အကောင်အထည်ဖော်နိုင်မည်ဟု မျှော်မှန်း ကြောင်း၊ နေအိမ်အဆောက်အအုံမှာ ၄ ထပ် (သို့) ၅ ထပ် အဆောက်အအုံများ ဆောက်လုပ်မည်ဖြစ်ပြီး အဆောက်အအုံတခုတွင် အခန်းပေါင်း ၄၀ ကျော်နှင့် အခန်းတခန်းတွင် အိပ်ခန်း ၂ ခန်း ပါဝင် တည်ဆောက်မည်ဖြစ်ကြောင်း၊ အခန်းအကျယ် စတုရန်း ပေ ၄၀၀ ရှိ အိမ်ရာများကို ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဦးဝင်းခိုင်က ပြောဆိုခဲ့သည်။

“အခုလောလောဆယ်မှာက အခန်း၂၀၀၀၊ စုစုပေါင်း အိမ်ခန်းပေါင်း ၁ သောင်းလောက်ကို ချေးပေးနိုင်ဖို့ ဘယ်လိုလုပ်ရင်ရနိုင်မလဲ ဆိုတာကို ဘဏ်အနေနဲ့လည်း ချေးပေးနိုင်အောင် ဆောင်ရွက်ဖို့အတွက် လုပ်ထုံးလုပ်နည်းနဲ့ လမ်းညွှန်ချက်ရအောင် ဆောင်ရွက် နေပြီ။ ဆောက်လုပ်ရေး လုပ်ငန်းတွေက နိုင်ငံတော် ဘတ်ဂျက်နဲ့ လုပ်မှာပါ”ဟု ဦးဝင်းဇော်က ဆက်ပြောသည်။

တန်ဖိုးနည်းအိမ်ရာများအား ရောင်းချမည်ဆိုပါက နေအိမ်အပိုင်မရှိသော အိမ်ထောင်စုများကို ဦးစားပေး ချေးငွေထုတ်ချေး၍ ရောင်း ချမည်ဟု သိရသည်။

“သိန်း ၁၀၀ အောက်ဖြစ်တော့ ၁၀၀ ဆိုရင် အိမ်ဝယ်မယ့်သူတွေဘက်က ၁၅ ရာခိုင်နှုန်း ပေးရမယ်။ ဘဏ်ဘက်က ၈၅ သိန်း ချေးပေးရမယ်”ဟုလည်း ဦးဝင်းဇော်က ပြောဆိုသည်။

CHD ဘဏ်က တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူနိုင်ရန် ချေးငွေများ ထုတ်ချေးမည့်အပြင် သက်တမ်းကြာမြင့်ပြီး ပြန်ပြုပြင်ရန် လိုအပ် နေသည့် အိမ်များကိုလည်း ချေးငွေ ထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နေအိမ်မရှိသူများအတွက် တန်ဖိုးနည်းနည်းဖြင့် အိမ်ငှားနေထိုင်နိုင် မည့် အငှားအဆောင်များကိုလည်း စက်မှုဇုန်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိကြောင်း ပြောကြားသည်။

CHD ဘဏ်သည် ၂၀၁၄ ခုနှစ် လုပ်ငန်းစတင် လည်ပတ်ချိန်မှ ယနေ့အချိန်အထိ ၂ နှစ်အတွင်း ချေးငွေထုတ်ချေးမှု စုစုပေါင်း ကျပ် ၁၃၂ ဘီလီယံ ရှိနေပြီး ထိုအထဲမှ အိမ်ရာဝယ်ယူမည့်သူများအတွက် ချေးငွေ ကျပ် ၂ ဘီလီယံ ၊ ကုန်သွယ်မှု ချေးငွေအတွက် ကျပ် ၁၀ ဘီလီယံ၊ အိုးအိမ်အတွက် ကျပ် ၇၂ ဘီလီယံ ထုတ်ချေးခဲ့ပြီး ကျန်သည့်ငွေများကို ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ထုတ်ချေးပေးထားကြောင်း သိရသည်။

Loading