နိုင်ငံရေးဦးဆောင်မှုတွင် အမျိုးသမီးများ ပိုမို ပါဝင်လာနိုင်ရေးအတွက် အမျိုးသမီးများအား စွမ်းရည်မြှင့်တင်ပေးခြင်းအပြင် အမျိုးသမီးကိုယ်စားပြုမှု အပြည့်အ၀ ရရန် ခွဲတမ်း (ကိုတာ) စနစ် ယာယီ သတ်မှတ်ပေးသင့်ကြောင်း နေပြည်တော်တွင် ဇွန်လ ၄ ရက် က ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အမျိုးသမီးရေး လှုပ်ရှားသူများက ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ်များအား တိုက်တွန်းပြောကြားခဲ့သည်။
“အမျိုးသမီးများ စွမ်းရည်မြှင့်တင်ခြင်းမှ စစ်မှန်သော အပြောင်းအလဲဆီသို့ ဦးတည်သည်” ဟူသော ခေါင်းစဉ်ဖြင့် မျက်နှာစုံညီ အစည်းအဝေးကို အမျိုးသမီးများ ကွန်ရက် (WON) နှင့် ကျား/မ ရေးရာ တန်းတူရေးကွန်ရက် (GEN) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တက်ရောက်သူ ၃၀၀ ခန့် ရှိခဲ့သည်။
နိုင်ငံရေးဦးဆောင်မှုတွင် အမျိုးသမီးများ ပိုမို ဦးဆောင်လာနိုင်ရေးအတွက် နိုင်ငံရေးပါတီများ အနေဖြင့်လည်း ပါတီတွင်း ကိုတာ စနစ် ကျင့်သုံးခြင်းအပြင် နိုင်ငံရေးတွင် ကိုတာ (ခွဲတမ်း) စနစ် ပြဌာန်းကျင့်သုံး၍ ရနိုင်ကြောင်း အမျိုးသမီးရေး လှုပ်ရှားသူများက ဆိုသည်။
“ကျမတို့ အလုပ်ရုံဆွေးနွေးပွဲက ကျားမဆိုင်ရာ ကိုတာစနစ် (Gender quota) အတွက် သီးသန့်ဆွေးနွေးကြတာ။ ဒီအတွက်က ဥပဒေတွေ မူဝါဒတွေ လိုပါတယ်။ ဥပဒေပြုခွင့်ရတဲ့ ဒီလွှတ်တော်ကိုယ်စားကိုယ်တွေကို အားကိုးတယ်။ ဒီအတွက် Gender quota ကောင်းကျိုး ဆိုးကျိုးလေ့လာထားတဲ့ သုတေသနအစီရင်ခံစာတွေ၊ လက်ရှိ အခြေအနေတွေကို ဆန်းစစ်ထားတဲ့ သုတေသနပြုချက်တွေကို တင်ပြတယ်။ အဓိကကတော့ အစိုးရသစ်နဲ့ လွှတ်တော်သစ်မှာပါတဲ့ ခေါင်းဆောင်တွေနဲ့ မိတ်ဆက်တဲ့ သဘောပါပဲ” ဟု ကျားမတန်းတူရေးကွန်ယက် (GEN) မှ ပဲ့ကိုင်ကော်မတီဝင် ဒေါ်နန်းဖြူဖြူလင်း က ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး ဦးဆောင်မှု၊ လူမှုရေးလုပ်ငန်းများ နှင့် စီးပွားရေးကဏ္ဍ အသီးသီးတွင် ထင်ရှား စံပြုအပ်သော အမျိုးသမီးများ ရှိသော်လည်း ၎င်းတို့၏ ကိုယ်စားပြုမှုသည် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍတွင် ၃၀ ရာခိုင်နှုန်း ပြည့်မီခြင်း မရှိသေးပေ။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီး ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သော ဥပဒေပြု အမတ်များတွင်လည်း အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များမှ ၁၃ ရာခိုင်နှုန်းသာ ကိုယ်စားပြုပြီး တပ်မတော်သား ကိုယ်စားလှယ်များ ထည့်ပေါင်းပါက အမျိုးသမီးကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းလောက်သာ ရှိတော့ကြောင်း လေ့လာမှုများက ဆိုသည်။ အစိုးရသစ်လက်ထက် အုပ်ချုပ်ရေးကဏ္ဍ ထိပ်ပိုင်း ခေါင်းဆောင်မှုတွင်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး နှင့် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောာင်ဆန်းစုကြည် တဦးသာ ပါဝင်သည်။
ခွဲတမ်းစနစ်သည် မတရားသောစနစ် (injustice system) ကို ပြန်လည် တည့်မတ်ပေးနိုင်သော ချက်ချင်းလက်ငင်း ဆောင်ရွက်ချက် ဖြစ်သဖြင် အမျိုးသမီးများ၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို မြှင့်တင်ရာတွင် အရေးပါသည်ဟု ဒေါ်နန်းဖြူဖြူလင်းက ပြောသည်။
“ဒီ ကိုတာစနစ်ဟာ ယာယီစနစ်ဖြစ်လို့ နောင်ဆို ပြန်ဖြုတ်ချလို့လည်း ရတယ်။ အရည်အချင်း မရှိတဲ့လူတွေ ပါလာရင် ဘယ်လို လုပ်မလဲဆိုတာကို ကျမတို့ လက်မခံဘူး။ လူဆိုတာ ဘယ်သူကမှ မွေးကတည်းက တတ်လာတာ မဟုတ်ဘူးလေ” ဟုလည်း ဆိုသည်။
မျက်နှာစုံညီ ဆွေးနွေးပွဲအပြီး ကျား/မ တန်းတူရေးဆိုင်ရာ ကိစ္စရပ်များ ပြောဆိုဆွေးနွေးမှုများတွင် ယခင်ကထက် ရင်းနှီးမှု ပိုမိုရရှိလာသည်ဟု သူက ဆိုသည်။
နိုင်ငံရေးဦးဆောင်မှုတွင် အမျိုးသမီးများ ကိုယ်စားပြုမှု အနည်းဆုံး ၃၀ ရာခိုင်နှုန်း ရရှိရေးကို ယခင် ဆယ်စုနှစ်များ ကတည်းက အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကဲ့သို့ ပြည်ပ အခြေစိုက် လှုပ်ရှားသူ အဖွဲ့များက တောင်းဆိုခဲ့ကြပြီး ဒီမိုကရေစီနိုင်ငံအဖြစ် စတင်ပြောင်းလဲသည့် ယခင်အစိုးရသက်တမ်းမှ စကာ ပြည်တွင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆို ဆွေးနွေးလာကြသည်။