ဘီဘီစီ မြန်မာပိုင်း ရေဒီယို သတင်းထောက် ကိုနေလင်းအား မန္တလေးမြို့ ချမ်းမြသာစည် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်က ကျောင်းသား သပိတ်တွင် တာဝန်ကျ ရဲဝန်ထမ်းတဦးနှင့် ကိုနေလင်းတို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲဝန်ထမ်း တဦး မျက်ခုံးကွဲ ဒဏ်ရာရရှိခဲ့သဖြင့် ပြည်သူ့ဝန်ထမ်းကို တာဝန် ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် အလိုအလျောက် နာကျင် စေမှု(ဝတ္တရား နှောင့်ယှက်မှု) ပုဒ်မ ၃၃၂ ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“အခုချလိုက်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၂ ဆိုတာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းကို လက်ရောက်မှု ကျူးလွန် တာ ပေါ့ဗျာ။ နာကျင်စေတာပေါ့။ ပြစ်ဒဏ်က အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချလို့ရတယ်။ အခု ကတော့ ထောင်ဒဏ် သုံးလချလိုက်တာပေါ့ဗျာ။ ဒဏ်ငွေတော့မပါဘူး။ ကိုနေလင်းကတော့ လောလောဆယ် အိုးဘိုထောင် ရောက် သွားပါပြီ”ဟု ကိုနေလင်း၏ ရှေ့နေ ဦးသိန်းသန်းဦး က ဧရာဝတီသို့ ပြောသည်။
လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရမှု၌ ဖမ်းဆီးခံရသူ ကျောင်းသူ၊ ကျောင်းသားများ ပြန်လွတ်ရေး အတွက် ၂၀၁၅ ခုနှစ် မတ်လ ၂၇ ရက်က မန္တလေးမြို့ပေါ်တွင် ဆန္ဒပြခဲ့ပြီး ထိုဆန္ဒပြပွဲတွင် ကျောင်းသားများ စီးလာသော ဆိုင်ကယ်တချို့ကို ရဲတပ်ဖွဲ့ဝင် တချို့က အကြမ်းဖမ်းဆွဲလှဲမှုအပေါ် ဝင်ရောက် တားဆီးခဲ့ရာမှ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းထောက်များက ပြော သည်။
အဆိုပါ ဖြစ်ရပ်တွင် ရဲဝန်ထမ်းတဦး မျက်ခုံးကွဲဒဏ်ရာရရှိခဲ့မှုနှင့် ပတ်သက်ပြီး ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းက ကိုနေလင်းကို ပုဒ်မ ၃၃၂ ဖြင့် တနှစ်ကျော် အကြာ တရားစွဲဆိုခဲ့ပြီး ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် အလုပ်နှင့် ထောင်ဒဏ် ၃ လ အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။
“ကျနော့် အနေနဲ့ကတော့ ဒီလိုပြစ်ဒဏ်မျိုး မချစေချင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ရဲ နဲ့ မီဒီယာဆိုတာ လုပ်ဖော်ကိုင်ဖက်ပါပဲ။ နောက်တခုက ဖြစ်တဲ့ကိစ္စက ရည်ရွယ်ချက်ရှိရှိဖြစ်တာ မဟုတ်ဘူးဗျ။ ကိုနေလင်းနဲ့ အထိုးခံရတဲ့ ရဲတပ်ကြပ် ဘမော်နဲ့က သိလည်း မသိဘူး။ ဘာမှလဲ ပြဿနာ မရှိဘူး။ အဲဒီနေ့က ကျောင်းသားတွေ ချီတက်လာတဲ့ အခါမှာ ရဲတပ်ကြပ် ဘမော်တို့က ကျောင်းသား တွေရဲ့ဆိုင်ကယ်ကို ဆွဲလှဲတယ်။ ဆိုင်ကယ်က လဲကျသွားတယ်။ အဲဒီအချိန်မှာ ရုန့်ရင်းဆန်ခတ်ဖြစ်ပြီးတော့ ထိုးမိတယ်လို့ ဆိုတာ ပေါ့နော်”ဟု ရှေ့နေ ဦးသိန်းသန်းဦး က ရှင်းပြသည်။
ကိုနေလင်း ကမူ ၎င်းအား တရားရုံးက အမိန့်အရ ထောင်ဒဏ်ချမှတ်ခဲ့လျှင် အယူခံမတင်ရန် တရက်ကြိုတင် ပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း ကိုနေလင်း၏ ဇနီးက အယူခံဝင်ရန် တိုက်တွန်းမှုမျိုးရှိလာလျှင် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ဦးသိန်းသန်းဦးက ပြောဆိုသည်။
၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့က ပဲခူးတိုင်း လက်ပံတန်းမြို့၌ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြနေသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် သပိတ်စခန်းများကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲ၍ ဝန်ရံသူများ အပါအဝင် ကျောင်းသားများကို ဖမ်းဆီးခဲ့ရာ ထိုသူများသည် ယခုအစိုးရသစ် လက်ထက်တွင် လွတ်မြောက် သွားကုန်ကြပြီ ဖြစ်သည်။