ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး၌ အရေးကြီးအဆို တင်သွင်းဆွေးနွေးခဲ့သည့် မွန်ပြည်နယ် စီမံကိန်းကော်မရှင်ကို သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောဆိုသည်။
အဆိုပါကော်မရှင် ဖွဲ့စည်းခဲ့ခြင်းကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီး ဝန်ကြီးချုပ်က လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌများကို ခေါ်ယူသတိပေးခဲ့ သည် ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ယင်းကိစ္စအပေါ် ဝန်ကြီးချုပ် က “လွှတ်တော်နဲ့ ဒီအခန်းကဏ္ဍနဲ့က ဘာမှ မပတ်သက်သေးဘူး။ သူတို့လုပ်ရမယ့် လုပ်ဆောင်ချက် က စီမံကိန်းတွေတင်လာတော့ သူတို့မကြိုက်ရင် ပယ်ချလို့ရတယ်။ ပြီးရင် စီမံကိန်းတွေဖြစ်လာတဲ့အခါကျမှ ပြည်နယ်လွှတ်တော် ကို တင်ပြရမှာ။ အကုန်လုံး လမ်းညွှန်ချက်တွေ၊ လုပ်ငန်းတာဝန်တွေ ပါပြီးသား။ တိုက်ရိုက်အနေနဲ့ ကျနော်လည်း ဖွဲ့ခွင့်မရှိဘူး။ သမ္မတဆီက အမိန့် ကြေညာစာ ထွက်လာတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ကော်မရှင် ဖွဲ့စည်းခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်နယ် ဝန်ကြီးချုပ်အနေဖြင့် မည်သည့်လုပ်ပိုင်ခွင့်မျှ မရှိကြောင်း၊ ကော်မရှင် အတွက် ပုဂ္ဂလိက ကဏ္ဍ ကိုယ်စားလှယ်နေရာ အတွက်သာ ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ပြည်နယ် ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်မည့် ပြည်နယ်စီမံကိန်း ကော်မရှင် ဖွဲ့စည်းရာတွင် ဒေသခံများ မနှစ်သက်သော လုပ်ငန်းရှင်များ ပါဝင်နေပြီး ဝန်ကြီးချုပ် ၁ ဦးတည်းက မိမိဆန္ဒအလျောက် ရွေးချယ်ခဲ့သည်ဆိုကာ ဇွန်လ ၃ ရက် လွှတ်တော် အထူး အစည်းအဝေးတွင် အရေးကြီး အဆိုတရပ် တင်သွင်းခဲ့ခြင်းအပေါ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အဆိုရဲ့ အနှစ်သာရက ပြည်နယ်စီမံကိန်း ကော်မရှင် ဖွဲ့တဲ့အခါကျရင် ပြည်သူလူထုကလည်း လက်ခံနိုင်တဲ့ပုဂ္ဂိုလ်၊ အစိုးရအဖွဲ့က ပြောရရင် ဝန်ကြီးတွေအားလုံး လက်ခံနိုင်တဲ့လူ၊ လွှတ်တော် အဖွဲ့အစည်းကလည်း လက်ခံနိုင်တဲ့ လူမျိုးဖြစ်စေချင်တယ်။ တဦး တယောက်က ကိုယ့်စိတ်ကြိုက်ဖွဲ့တာထက် အကုန်လုံး လက်ခံနိုင်တဲ့လူမျိုးကို ရွေးချယ်ပြီး ဖွဲ့စေချင်တယ်။ အဲဒီမှာပါတဲ့ပုဂ္ဂိုလ် ၂ ယောက်လောက်က လူထုကြားမှာ တော်တော်လေးကို ဝေဖန်မှုတွေက ရှိခဲ့တယ်”ဟု လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ရှင်းပြသည်။
မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ကျင်းပပြီးနောက် အစိုးရအဖွဲ့ရုံးတွင် အစည်းအဝေး ကျင်းပခဲ့ခြင်းသည် မှန်ကန်ကြောင်း၊ ပြဿနာများ ပိုမိုရှုပ်ထွေးလာမည်ကို စိုးရိမ်၍ လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ကို ခေါ်ယူပြီး အစိုးရ ယန္တရား အုပ်ချုပ်ရေး ပိုင်း ဆိုင်ရာများနှင့်ပတ်သက်၍ ခေါ်ယူရှင်းပြခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ဝန်ကြီးချုပ် ဦးမင်းမင်းဦးက “အစိုးရ အုပ်ချုပ်ရေး လမ်းကြောင်းက လုပ်နေတဲ့ဟာကို အမှန်က သူတို့သိခွင့်တောင် မရှိတဲ့ဟာ။ အဲဒါကို သူတို့က ထည့်သွင်းဆွေးနွေးတယ်။ အဆိုတွေတင်သွင်းတယ်ဆိုတော့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို လာခဲ့ပါဆိုပြီးတော့ခေါ်ပြီး ဒီအမိန့်ကြေညာစာပါ ထုတ်ပြပေးလိုက်တယ်။ အုပ်ချုပ်ရေးယန္တရား အပေါ်ကနေ အောက်ဖြစ်တဲ့ ကျနာ်တို့ကို ခိုင်းတဲ့ဟာပါ။ ဒီလို အခြေအနေ ရှိပါတယ်။ မဟုတ်ရင် သူတို့နားမလည်မှာ ကြောက်လို့။ ပုံမှန်ဆို ထုတ်ပြန်စရာမလိုဘူး။ သူတို့ကိုခေါ်ယူ ရှင်းပြပေးတာပါ”ဟု ပြော ဆို သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၁၅ ဦး ပါဝင်သည့် ပြည်နယ်စီမံကိန်း ကော်မရှင်ကို နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြေညာစာ ၁၂/၂၀၁၆ အရ မေ ၂၅ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်နယ်များတွင် ပတ်ဝန်းကျင်ထိ ခိုက်မှုမရှိဘဲ အမှန်တကယ် အကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းစီမံကိန်းများကို စိစစ်အတည်ပြုနိုင်ရန်အတွက် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။