စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လုံးသည် ဇွန်လ ၇ရက်နေ့မှ ၉ရက်နေ့အထိ ၃ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံ သို့ တရားဝင် လာရောက် လည်ပတ်လျက်ရှိကြောင်း သိရှိရသည်။
စင်ကာပူ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် စင်ကာပူ – မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၅၀ပြည့်အချိန်နှင့် တိုက်ဆိုင် ၍ လာရောက်ခြင်းဖြစ်ကြောင်း ဇွန်လ ၆ရက်နေ့က စင်ကာပူ နိုင်ငံခြားရေးဌာနက ထုတ်ပြန်သော သတင်းထုတ်ပြန်ချက် အရ သိရသည်။
စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုံး မြန်မာနိုင်ငံ သို့ ၂၀၁၄ခုနှစ် နိုဝင်ဘာလက နေပြည် တော်၌ ကျင်းပသော အာဆီယံ ထိပ်သီး အစည်းအဝေးပွဲသို့ တက်ရောက်ရန် လာရောက်ခဲ့ဖူးပြီး အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံ သို့ ပထမဆုံး လာရောက် လည်ပတ်သော နိုင်ငံ့ ခေါင်းဆောင် တဦး ဖြစ်သည်။
စင်ကာပူ ဝန်ကြီးချုပ်၏ ယခုခရီးစဉ်မှာ စင်ကာပူ – မြန်မာ အကြား ရေရည် ဆက်ဆံရေးကို ခိုင်မာစေရန်၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု များကို ထောက်ပံ့ရန် ဆုံးဖြတ် ထားသော စင်ကာပူနိုင်ငံ၏ သဘောထားကို မြင်သာစေရန်နှင့် ၂နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းရန် နည်းလမ်းများကို ဆွေးနွေးသွားရန်ဖြစ်ကြောင်း သိရှိရသည်။
စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုံးသည် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ဥက္ကဌနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကဲ့သို့ ထိပ်သီး တာဝန်ရှိ သူများကိုလည်း နေပြည်တော်တွင် တွေ့ဆုံသွားမည် ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ၎င်းသည် သမ္မတဟောင်း ဦးသိန်းစိန် နှင့်လည်း နေပြည်တော်တွင် တွေ့ဆုံသွားဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဌာနက ဆိုသည်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုံးသည် စင်ကာပူ – မြန်မာ အသက်မွေးပညာ သင်တန်းကျောင်း (Singapore-Myanmar Vocational Training Institute) ဖွင့်ပွဲကို လည်း တက်ရောက်သွားမည်ဖြစ်သည်။
ဝန်ကြီးချုပ် မစ္စတာလီရှန်လုံးနှင့်အတူ ဝန်ကြီးချုပ်၏ ဇနီး မစ္စစ်လီ၊ ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ လာရောက်ပတ်ခဲ့သော စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ၊ ပညာရေးဝန်ကြီး Ong Ye Kung၊ ဥပဒေနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြီးတန်း ဝန်ကြီး Indranee Rajah၊ နိုင်ငံခြားရေး နှင့် ပို့ဆောင်ရေး ဆိုင်ရာ အကြီးတန်း ဝန်ကြီး Josephine Teo၊ လွှတ်တော်အမတ်များဖြစ်ကြသည့် Cedric Foo နှင့် Fatimah Lateef တို့လည်း လိုက်ပါ လာကြောင်း သိရှိရသည်။
စင်ကာပူ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံး မြန်မာနိုင်ငံသို့ သွားရောက်နေစဉ် ဒုတိယ ဝန်ကြီးချုပ်နှင့် ၊ အမျိုးသားလုံခြုံရေး ဝန်ကြီး Teo Chee Hean က ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း စင်ကာပူ ဝန်ကြီးချုပ်ရုံး က ထုတ်ပြန် ပြောဆိုသည်။
Credit to CNA