နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လနှောင်းပိုင်းတွင် ထိုင်းနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီ်းဌာနမှ သိရှိရသည်။
ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ ၃ ရက်တာ ကြာမြင့်မည့် ယင်းခရီးစဉ်အတွက် ခရီးစဉ်အသေးစိတ်ကို နှစ်နိုင်ငံ တာဝန်ရှိသူများက အပြီးသတ် ရေးဆွဲနေဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ဧရာဝတီကို ပြောသည်။ ခရီးစဉ်အတွင်း မြန်မာ ရွေ့ပြောင်းလုပ်သား အများစုနေထိုင်သော Samut Sakhon ရှိ မဟာချိုင်သို့ သွားရောက်ရန် ရှိကြောင်းလည်း သိရသည်။
“နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်ဖို့ ရှိတယ်။ ပူးပေါင်းဆောင်ရွက်မှုလည်း မြှင့်တင်မယ်။ တပြိုင်နက်တည်းမှာ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလုပ်သားတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါနေတယ်ဆိုတော့ သူတို့ကို သွားတွေ့ပြီး ဘယ်လိုကြုံလဲ၊ ဘာတွေ အခက်အခဲရှိလဲ မေးမြန်းမယ့် အနေအထား ရှိပါတယ်” ဟု ဦးကျော်ဇေယျကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ရန် အစီအစဉ် ရှိသော်လည်း ၎င်းအနေဖြင့် အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ဦးကျော်ဇေယျကပြောသည်။ ယင်းခရီးစဉ်တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် လိုက်ပါနိုင်ခြင်း ရှိမရှိကိုမူ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်မပြုပေးနိုင်သေးကြောင်း ဆိုသည်။
ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစ္စတာ အန်ဒီဟောလ်က အဆိုပါ ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် အလွန်အရေးပါသော အခွင့်အရေးတခု ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ ခေါင်းပုံဖြတ်ခံနေရသည့် ပြဿနာကို ကိုင်တွယ်နိုင်ရန်နှင့် ၂၀၁၂ ခုနှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ မဟာချိုင်သို့ သွားရောက်ခဲ့စဉ်က မြန်မာရွှေ့ပြောင်းလုပ်သားများအား သူ ပေးခဲ့သော ကတိကိုလည်း တည်နိုင်ရန် ကြိုးပမ်းရာ ရောက်လိမ့်မည်ဖြစ်ကြောင်း ဧရာဝတီကိုပြောသည်။
၂၀၁၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်ခဲ့သည်။ ထိုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအနေဖြင့် လုပ်ပိုင်ခွင့်အာဏာ ရလာသည့် တနေ့တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အရေးအတွက် ကူညီလုပ်ဆောင်ပေးမည်ဟု ကတိပေးခဲ့သည်။
“ဒီတခေါက် သူ မဟာချိုင်ကို ပြန်သွားတာဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် သူထားခဲ့တဲ့ ကတိကို တည်ချင်လို့ ဖြစ်မယ်လို့ ထင်ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေအတွက် စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေ ပိုပေးနိုင်ဖို့ ထိုင်းအစိုးရကို တွန်းအားပေးလိမ့်မယ်လို့ ထင်ပါတယ်။ ဒါမှလည်း ဒီလုပ်သားတွေဟာ မြန်မာနိုင်ငံကို ပြန်လာပြီး နိုင်ငံရဲ့ စီးပွားရေး တည်ဆောက်ရာမှာ တဖက်တလှမ်းက ကူညီနိုင်မှာပါ” ဟု အန်ဒီဟောက ဧရာဝတီကို ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ရက် (MWRN) ၏ ဥက္ကဌ ဦးစိန်ဌေးကလည်း ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သား အများစုသည် ၎င်းတို့၏ ဥပဒေအရ ရသင့်ရထိုက်သော အလုပ်သမား အခွင့်အရေးများကို ဒေါ်အောင်ဆန်းစုကြည်က အလေးထား စဉ်းစားပေးကာ နှစ်နိုင်ငံကြား ညှိနှိုင်းဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ထားကြကြောင်း၊ လတ်တလောတွင် အလျင်အမြန်နှင့် အရေးတကြီး ဖြေရှင်းရမည့် ရွှေ့ပြောင်းလုပ်သားများ အပေါ် ဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးမှုများနှင့် အလုပ်သမားအခွင့်အရေးများကို ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ရေရှည် လုပ်ဆောင်ရမည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့မိသားစုများ၏ ပညာရေး၊ ကျန်းမာရေး၊ စွမ်းရည်မြှင့်တင်ရေး သင်တန်းများ၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်များ အတွက် ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့်ကြောင်း ဆိုသည်။
“ထိုင်းနိုင်ငံမှာ ဥပဒေအရ ပြဌာန်းထားတဲ့ အလုပ်သမားအခွင့်အရေးတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီလို အလုပ်သမားအခွင့်အရေးတွေက ဥပဒေအရ ပြဌာန်းထားပေမယ့် လက်တွေ့မှာ မရတာမျိုးတွေ ရှိတယ်။ နောက်တပိုင်းက ဒီရွှေ့ပြောင်းလုပ်သားတွေ အထောက်အထားတွေ စာရွက်စာတမ်းတွေ လုပ်ဆောင်တဲ့အခါမှာ မတရားခေါင်းပုံဖြတ် အမြတ်ထုတ်တာမျိုးတွေလည်း ရှိတယ်။ ထို့အတူပဲ အာဏာပိုင်တွေကနေ ငွေညစ်တာမျိုးတွေ မတရားလုပ်တာမျိုးတွေ အဲတာမျိုးတွေလည်း နိစ္စဓူ၀ ကြုံတွေ့နေရတာမျိုး ရှိတယ်” ဟု ဦးစိန်ဌေးက ဆိုသည်။
MWRN က ခန့်မှန်းချက်အရ ထိုင်းနိုင်ငံတွင် အခြေချ လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများ အရေအတွက်မှာ ၃ သန်းခန့်ရှိကြောင်း သိရှိရသည်။