ထိုင်း- တရုတ် နှစ်နိုင်ငံရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်တဲ့“Blue Strike 2016” အောင်မြင်စွာပြီးစီး သွားပြီကြောင်း Bangkok Post သတင်းမှာဖော်ပြပါတယ်။ ချန်သာဘူရီပြည်နယ်ရှိ ရေတပ်စခန်းမှာ နှစ်ပတ်နီးပါး ကြာ ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ပိတ်ပွဲအခမ်းအနားမှာ နှစ်နိုင်ငံ ရေတပ်တာဝန်ရှိသူ များက ပူးတွဲစစ်ရေးလေ့ကျင့်မှု ရည် ရွယ်ချက်ဖြစ်တဲ့ နှစ်နိုင်ငံ ရေတပ်စွမ်း ရည်မြှင့်တင်နိုင်ခဲ့သလို အပြန်အလှန်လေကျင့်နိုင်ခဲ့ကြောင်း၊အနာဂတ်မှာလည်း နှစ်နိုင်ငံ ဆက်လက် စစ် ရေးလေ့ကျင့်မှုတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
မေလ ၂၁ရက်နေ့မှာ စတင်ခဲ့တဲ့ Blue Strike 2016 စစ်ရေးလေ့ကျင့်မှုကို ချွန်ဘူရီရေတပ်စခန်းမှာ စတင်ခဲ့တာဖြစ်ပြီး၊ မရိန်းတပ်သား ၅၀၀ခန့် ပါဝင်ကာ ပင်လယ်အပိုင်းသာမက ကုန်းတွင်းလေ့ကျင့်မှုတွေကိုပါ ပြုလုပ်ခဲ့ တာ ဖြစ်ပါတယ်။
ရဟတ်ယာဉ်၊ ရော့ကက်လောင်ချာ၊ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများ၊ တင့်ကားများ၊ ကုန်းရေ နှစ်ထွေသွား သယ်ယူပို့ဆောင်ရေး ရေယာဉ်များ၊ ရာဘာလှေ၊ စပိဘုတ်နဲ့ တခြားသော စစ်လက်နက်ပစ္စည်းတွေကို အသုံးပြုပြီး လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။
Blue Strike လို့ အမည်ပေးထားတဲ့ တရုတ်- ထိုင်း ရေတပ်စစ်ရေးလေ့ကျင့်မှုကို ၂၀၁၀ခုနှစ်ကတည်း က စတင်ခဲ့ တာဖြစ်ပြီး၊ ထိုင်းနိုင်ငံမှာ လာရောက်လေ့ကျင်တာဟာ တတိယအကြိမ်ဖြစ်ပါတယ်။
စစ်ရေး လေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တိုးမြှင့်ဖို့၊ နှစ်နိုင်ငံ တပ်မတော် အကြား စစ်ရေး ဆိုင်ရာ ဖလှယ်မှု နက်နက်ရှိုင်းရှိုင်း ပြုလုပ်ဖို့၊ ပုံမှန်မဟုတ်တဲ့ လုံခြုံရေး ဆိုင်ရာခြိမ်းခြောက် စိန်ခေါ်မှုတွေကို ၂နိုင်ငံ ရေတပ်မတော်အကြား ပူးတွဲတုံ့ပြန်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဟာ လွန်ခဲ့တဲ့ ၂နှစ်ခန့်ကတည်းက တရုတ်နိုင်ငံနဲ့ စစ်ရေးအရ ပိုမိုနီးကပ်စွာ ဆက်ဆံလာ နေသလို၊ အမေရိကန် စစ်လက် နက်ပစ္စည်းများနေရာမှာ ရုရှား၊ တရုတ်စတဲ့လက်နက်များနဲ့ အစားထိုးလာတာကို တွေ့ရပါတယ်။
တရုတ်စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ် တဲ့ Norinco ထံမှ အမေရိကန်ဒေါ်လာ ၄.၉ သန်း တန်ဖိုးရှိ VT-4 ပင်မတိုက်ပွဲဝင် တင့်ကား ၂၈ စီးကို ဝယ်ယူခဲ့ပြီး၊ နောက်ထပ်လည်း တပ်ရင်း ၃ရင်းစာ ဝယ်ယူဖို့ စီမံကိန်းရေးဆွဲထား တယ်လို့ Bangkok Post သတင်းက ဆိုပါတယ်။
အလားတူ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ထိုင်း ကာကွယ်ရေးနဲ့ နည်းပညာဌာနတို့ ပူးတွဲကာ ထုတ်လုပ်ထားတဲ့ ပဲ့ထိန်းစနစ်သုံး DTI -1 ဘက်စုံသုံး လောင်ချာတွေကို ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းမှာပဲ ထိုင်းဘုရင့်တပ်မတော်မှာ တပ်ဆင် အသုံးပြုခဲ့ပါတယ်။
ထိုင်းနိုင်ငံက တရုတ်၊ ရုရှားစတဲ့နိုင်ငံတွေနဲ့ အနီးကပ် စစ်ရေးဆက်ဆံမှုတွေ ပြုလုပ်လာနေချိန်မှာ မဟာမိတ်ဟောင်း အမေရိကန်က ယနေ့မှာပဲ ဗီယက်နမ်နိုင်ငံအပေါ်မှာ ထားရှိတဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ထားမှုကို လုံးလုံးလျားလျား ပယ်ဖျက်လိုက်ပြီဖြစ်သလို၊ မနေ့ကလည်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ နှစ်နိုင်ငံ စစ်တပ်အကြား ဆက်ဆံရေးတိုးမြှင့်ဖို့ ဆွေး နွေးခဲ့ပါတယ်။