အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ လစ်လပ်လျက်ရှိသော အလုပ်အမှုဆောင် အဖွဲ့ အဆင့်ဆင့် ရွေးချယ်မှုများကို ဇွန်လလယ်မှ စတင်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဇွန်လ ၇ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။
အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့် ရွေးချယ်မှုများကို ဇွန် ၁၅ မှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင် အဖွဲ့ဝင် ရွေးချယ်ခြင်းများ စတင်ပြုလုပ်၍ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး အလုပ်အမှုဆောင် အဖွဲ့ဝင် ရွေးချယ်ခြင်းများကို သြဂုတ် ၁၄ ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
NLD အဖွဲ့ဝင် တချို့သည် လွှတ်တော်ဆိုင်ရာ တာဝန်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်နေရသူများ ရှိသကဲ့သို့ ပါတီနှင့် ကင်းကွာနေသူများ၊ ပါတီမှ ထုတ်ပယ်ထားသူများ၊ စည်းကမ်းအရ အရေးယူခံနေရသူများ၊ နုတ်ထွက် သွားကြသူများကြောင့် လစ်လပ် ပျက်ကွက်နေသည့် နေရာများကို အစားထိုးဖြည့်တင်းရန် ရွေးချယ်မှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ အစားထိုးခြင်း မပြုမီ ပထမဦးဆုံး အနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် အသီးသီးတွင် ပါဝင်နေကြသော အလုပ်အမှုဆောင် အဖွဲ့ဝင်များကို ယင်းတို့၏ မူလနေရာတွင် ပြန်လည် အသိအမှတ်ပြု ထည့်သွင်းပေးပြီး မှသာလျှင် ကျန်လစ်လပ်နေသော အလုပ်အမှုဆောင်အဖွဲ့ဝင် အဆင့်ဆင့်ကို ပြန်လည် ရွေးချယ် တင်မြှောက်ရမည် ဖြစ်ကြောင်း သိရသည်။
“သူတို့က ဆက်လက်ပါဝင်ဖို့ ဥပဒေအရ အခွင့်အရေးရှိတော့ သူတို့ကို အရင်ဦးစားပေးပြီး ကျနော်တို့ သူတို့ နေရာတွေကို အစားမထိုးပါဘူး” ဟု NLD အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
အဖွဲ့ချုပ်လုပ်ငန်းများနှင့် ပြည်သူလူထုအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ညီညွတ်အားကောင်းရေး ရည်ရွယ်၍ လစ်လပ် ပျက်ကွက်နေသည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များကို အစားထိုး ဖြည့်တင်းရခြင်းဖြစ်ပြီး လစ်လပ်သည့် အရေအတွက်ကို အတည်ပြု မပြောနိုင်သေးကြောင်း ယင်းက ဆိုသည်။
အလုပ်အမှုဆောင် အဖွဲ့အဆင့်ဆင့် ရွေးချယ်တင်မြှောက်ရာတွင် အဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်း ခံထားရသူများ၊ အဖွဲ့ချုပ် စည်းမျဉ်းစည်းကမ်းများအရ အရေးယူ အပြစ်ပေးခံနေရသူများ၊ အဖွဲ့ချုပ်မှ နုတ်ထွက်သွားသူများ၊ ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် တသီးပုဂ္ဂလ အနေနှင့်ဖြစ်စေ၊ ပါတီအဖွဲ့အစည်း တခုခုကို ကိုယ်စားပြု၍ဖြစ်စေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲ မဲဆွယ်ရာတွင် ပါဝင်ကူညီခဲ့သူများ၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဥပဒေအရ ဖွဲ့စည်းထားသည့် အသင်းအဖွဲ့များတွင် အလုပ်အမှုဆောင်အဖြစ် ပါဝင်နေသူများကို ထည့်သွင်း စဉ်းစားခြင်း မပြုဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရွေးချယ် တင်မြှောက်မှုများနှင့် ပတ်သက်၍ မကျေနပ်ပါက ကန့်ကွက်ချက်ကို ရွေးချယ်တင်မြှောက်သည့် နေ့မှ ရက်သတ္တပတ်အတွင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ တင်ပြနိုင်သော်လည်း ရွေးချယ်တင်မြှောက်ခြင်းများကို ဗဟို အလုပ်အမှုဆောင်အဖွဲ့က အတည်ပြု ဆုံးဖြတ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။
၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် တက်လာသည့် NLD အစိုးရသစ်လက်ထက် လက်ရှိ လွှတ်တော် အသီးအသီးတွင် တာဝန်ထမ်းဆောင်နေသည့် NLD လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၈၈၆ ဦးရှိကြောင်းသိရသည်။