မြန်မာနိုင်ငံသားများ အနေဖြင့် စင်ကာပူနိုင်ငံသို့ သွားရောက်မည်ဆိုပါက ၂၀၁၆ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းတို့ တွေ့ဆုံမှုအပြီး ယင်းတွေ့ဆုံပွဲတွင် ပြုလုပ်ခဲ့သည့် ၂ နိုင်ငံကြား သဘောတူ ဆွေးနွေးချက်များကို ကိုးကား၍ ဦးဇော်ဌေးက မီဒီယာများသို့ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မြန်မာနဲ့ စင်ကာပူနိုင်ငံ အကြား သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်တဲ့ နိုင်ငံသားတွေ စင်ကာပူကို ဝင်တဲ့အခါမှာ ရက်ပေါင်း ၃၀ ဗီဇာ ကင်းလွတ်ခွင့်နဲ့ နေလို့ရမယ်။ မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ စင်ကာပူ သံအမတ်ကြီးတို့ သဘောတူညီချက် အပြန်အလှန် လဲလှယ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
အပြန်အလှန်အားဖြင့် စင်ကာပူ နိုင်ငံသားများအနေဖြင့်လည်း မြန်မာနိုင်ငံသို့ လာရောက်ပါက ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး ရက် ၃၀ ထက် ပိုနေချင်သူများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာနက ပြောသည်။
ထို့အပြင် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံကို ဦးဆောင်မှုပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာကလည်း လေးစားရတဲ့ ပုံရိပ်ရှိတယ်။ အာဆီယံ အနေနဲ့ နိုင်ငံတကာမှာ ပူးပေါင်း ဆောင်ရွက်နေတဲ့ G 20 ၊ ရာသီဥတု ပြောင်းလဲမှု စသဖြင့် ကိစ္စတွေမှာ အာဆီယံက အဖွဲ့အစည်း သေးသေးလေး ဖြစ်နေတယ်။ အသံက သိပ်မထွက်ဘူး။ အဲဒီတော့ အာဆီယံကို ကိုယ်စားပြုပြီး ဒေါ်အောင်ဆန်းစုကြည် ကနေပြီး တက်တက်ကြွကြွနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်ပေးဖို့ တောင်းဆိုတာပါ။ အဲဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်ပြီး တက်တက်ကြွကြွနဲ့ လုပ်မယ်လို့ ပြောသွားပါတယ်” ဟု ဦးဇော်ဌေးက မီဒီယာများသို့ ပြောသည်။
စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက မြန်မာ ခေါင်းဆောင် ၂ ဦးကို တွေ့ဆုံစဉ် စင်ကာပူ – မြန်မာ သံတမန် ဆက်ဆံရေး နှစ် ၅၀ ပြည့် စီးပွားရေး၊ ပညာရေး၊ အသက်မွေး ဝမ်းကျောင်းကိစ္စများ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင့်ရန်၊ ၁၉၉၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ၂ နိုင်ငံ အခွန်နှစ်ထပ် မဖြစ်ရေး သဘောတူညီ ချက်ကို ခေတ်နှင့် လျော်ညီအောင် ပြန်လည် သုံးသပ် ပြင်ဆင်ရန်၊ နှစ်နိုင်ငံကြား ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှု မြှင်တင်ရေးဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုရန်တို့ကို အဆိုပြုခဲ့သည်ဟု သိရသည်။
“စင်ကာပူက မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ ရန်ကုန်မှာလည်း ကျောင်းဖွင့်ထားပါတယ်။ မနက်ဖြန်ဆို စင်ကာပူ ဝန်ကြီးချုပ် အဲဒီကို သွားပြီးလေ့လာမှာ ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်းနဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းတွေကို မြန်မာလူငယ်တွေကို ပေးနေတာ ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန် စင်ကာပူ လေကြောင်းလိုင်းများက ရန်ကုန်မြို့တွင် နှစ်ရက် အပြင် မန္တလေးမြို့သို့ ဆက်လက် သွားရောက် မည်ဖြစ်ကြောင်း၊ ခရီးသည်များဖြင့် တိုက်ရိုက် လာရောက်မည် ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပိုမြင့်လာမည်ဟု စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ဆွေးနွေးခဲ့သည်ဟု သိရသည်။