တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) နှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း သိရသည်။
အစိုးရ ကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေက “ဒေါက်တာ တင်မျိုးဝင်း ကိုယ်တိုင် စာပို့အကြောင်းကြားထားတာ ရှိတယ်။ သူတို့ဘက်ကလည်း စာကိုလက်ခံရရှိတယ်။ သူတို့လည်း ကြိုဆိုတယ်။ တွေ့လည်း တွေ့လိုတယ်။ နေ့ရက်နဲ့ နေရာကတော့ ရာသီဥတု အခြေအနေအရ သွားရေးလာရေး အခက်အခဲကြောင့် နေရာရွေးနေတုန်းပဲ ရှိသေးတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာ တွေ့ဖြစ်ဖို့ များပါတယ်”ဟု ပြောသည်။
UWSA နှင့် သူ၏ မဟာမိတ်အဖွဲ့ဖြစ်သည့် NDAA အဖွဲ့တို့က အစိုးရသစ်က အပစ်မရပ်ရသေးသော တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ဖွဲ့စည်းထားသည့် “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)” တွေ့ဆုံလျှင် မကြာခင်ပြုလုပ်တော့မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (သို့) ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက် ဆွေးနွေးရန် ဖိတ်ခေါ်သွားမည်ဖြစ်သည်ဟုလည်း ဦးလှမောင်ရွှေက ပြောပြသည်။
“ကျနော်တို့ကတော့ နံပါတ်တစ်အနေနဲ့ တွေ့ရမယ်။ တွေ့ပြီးတော့ ရှင်းပြမယ်။ ကျနော်တို့ကော်မတီရဲ့တာဝန်က ညီလာခံကိုတက်နိုင် အောင်လို့ လုပ်ရမှာဖြစ်တဲ့အတွက် အဲဒီတာဝန်တွေကို ဆောင်ရွက်ရမှာ။ တကယ်တမ်းက ဆွေးနွေးကြည့်ပြီးမှပဲ ကျန်တဲ့ဟာတွေသိရမှာပေါ့။ ဒါပေမယ့် အဆင်ပြေမယ် ထင်ပါတယ်။ အစိုးရသစ်ရဲ့ အခင်းအကျင်းအသစ်မှာတော့ စိတ်ဝင်စားလိမ့်မယ်လို့ ထင်ပါတယ်”ဟု ဦးလှမောင်ရွှေက ဆိုသည်။
ထို့အပြင် UWSA နှင့် NDAA တို့ဘက်က တင်ပြချက်များအပေါ်တွင်လည်း ဆွေးနွေးသွားမည်ဟု သိရသည်။
UWSA နှင့် NDAA တို့သည် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြုလုပ်ခဲ့သော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားခြင်း မရှိပေ။
ပြည်နယ်အုပ်ချုပ်ခွင့်ရရှိရေး တောင်းဆိုနေသည့် UWSA က ၎င်းတို့နှင့် အစိုးရကြား ယခင်က ချုပ်ဆိုခဲ့သော အပစ်ရပ် စာချုပ်သည် ၂၆ နှစ်ကျော် ကြာခဲ့ချိန်အထိ အပစ်အခတ် ရပ်စဲရေး မပျက်ပြယ်သေးသဖြင့် NCA ကို လက်မှတ် ရေးထိုးရန် မလိုအပ်ဟု တရားဝင် ထုတ်ဖော် ပြောဆိုထားသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များတွင် အင်အားအကြီးဆုံး ဖြစ်သည့် UWSA သည် အင်အား သုံးသောင်းကျော် ရှိမည်ဟု စစ်ရေး လေ့လာသူများက ခန့်မှန်းပြောဆိုကြပြီး အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ရန် အစိုးရဘက်က ပြောဆိုလာလျှင် UWSA က ပြည်နယ်ရရှိရေးကိစ္စကို ထပ်မံတွန်းအားပေး ပြောဆိုလာဖွယ်ရှိသည် ဟု တိုင်ရင်းသားအရေး လေ့လာသူများက သုံးသပ် ပြောဆိုသည်။
NDAA အဖွဲ့သည် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နှင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် ငြိမ်းချမ်းရေးစာချုပ် အသစ်အဖြစ် ပဏာမ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုထားပြီး ပြည်ထောင်စု အဆင့်အထိ ငြိမ်းချမ်းရေး ဆွေးနွေးထားသည်။
NDAA သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ် ပါတီမှ ခွဲထွက်၍ အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့်အဖွဲ့ဖြစ်ပြီး အစိုးရက အထူးဒေသ (၄) အဖြစ် သတ်မှတ်၍ ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်မြေတချို့ကို အုပ်ချုပ်ခွင့် အာဏာပေးထားသည်။
UWSA ၊ NDAA တို့နှင့် တွေ့ဆုံရန် သဘောတူထားသော ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)” အဖွဲ့သည် ယခုလ ၃ ရက်က လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။