ဇူလိုင်လ အတွင်း ကျင်းပမည်ဆိုသော ၂၁ ရာစု ပင်လုံညီလာခံအား တက်ရောက်ရန် တပ်မတော်နှင့် သဘောထား တင်းမာနေ သည့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ကို အစိုးရဘက်က ဖိတ်ခေါ်ခြင်း မရှိသေးကြောင်း သိရသည်။
ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) မှ ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက “ကျနော်တို့ကို မဖိတ်သေးဘူး ခင်ဗျ။ ဒေါက်တာ တင်မျိုးဝင်း တို့ကိုတွေ့ဖို့အတွက် သတင်းကတော့ ထွက်နေတယ်။ ကျနော်တို့လည်းတွေ့ဖို့ အဆင်သင့်လုပ်ထား တယ်။
ကျနော်တို့ မဟာမိတ် ၃ ဖွဲ့ကို ကမ်းလှမ်းလာတာ မရှိသေးတာပါ”ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှာ အစိုးရတပ်မတော်မှ လက်နက်စွန့်ရန် ပြောဆိုထားသည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ် မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ TNLA ) နှင့် ရကိ္ခုင့် တပ်မတော် (AA) တို့ ဖြစ်ကြသည်။
၂၁ ရာစု ပင်လုံညီလာခံကို ဇူလိုင်လကုန်ပိုင်းအတွင်း ကျင်းပရန် အစိုးရအဖွဲ့မှ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် “ပြည်ထောင် စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)” တရပ်ဖွဲ့၍ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ကြိုတင်ပြင်ဆင်ရေး ကော်မတီက ဇွန်လ ပထမပတ်တွင် အပစ်ရပ် လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း MNDAA၊ TNLA နှင့် AA တို့ကို ဖိတ်ခေါ်မှုမရှိကြောင်းလည်း ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက ပြောသည်။
AA စစ်ဦးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ကလည်း “ကျနော်တို့ဘက်ကို ညီလာခံတက်ပါလို့ ပြောတဲ့အဆင့်အထိ ဖိတ်ခေါ်တဲ့ အတိုင်း အတာ မရှိသေးဘူး။ အလွတ်သဘော ပြောမယ်လို့ဆိုပေမယ့် တပ်မတော်ဘက်က လက်နက်စွန့်ဖို့ ပြောထားတဲ့ကိစ္စက အရမ်းကြီး အတား အဆီး ဖြစ်နေတယ်”ဟု ပြောဆိုသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက်က နေပြည်တော်တွင် တပ်မတော်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ တပ်မတော် စစ်ဘက် ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး မြထွန်းဦးက MNDAA ၊ TNLA နှင့် AA တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးမည် မဟုတ်ဘဲ လက်နက် စွန့်ရမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ၎င်းတို့ မဟာမိတ်သုံးဖွဲ့အနေဖြင့် တပ်မတော်က ပြောဆိုထားသည့် လက်နက်စွန့်ရမည်ဟူသည့် အချက်နှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စကို ကွဲကွဲပြားပြား သိရှိလိုကြောင်း၊ အစိုးရဘက်က ၂၁ ရာစု ပင်လုံညီလာခံ သို့ ၎င်းတို့ကို တက်ရောက်နိုင်ရန် ဖိတ်ကြားမည်ဆိုပါက ၎င်းတို့ သွားလာရ အဆင်ပြေနိုင်မည့် တရုတ် နယ်စပ်မြို့များတွင် တွေ့ဆုံလိုကြောင်း ပြော သည်။
TNLA အဖွဲ့သည် အစိုးရနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေပြီး ယခုရက်ပိုင်းအတွင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။
AA တပ်ဖွဲ့သည်လည်း ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေ သည်။
ဖိတ်ကြားခံရခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့အနက် MNDAA နှင့် TNLA သည် ညီညွှတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ နုတ်ထွက်ရန် စာတင်ထားပြီး AA အဖွဲ့သည်လည်း UNFC အဖွ့ဲဝင်ရန် ပြင်ဆင် နေ ရာ မှ ရပ်ဆိုင်းထားသည်ဟု သိရသည်။