မန္တလေးတိုင်းဒေသကြီး၌ ပထမ ၅ လ အတွင်း မီးလောင်ကျွမ်းမှု ၁၃၁ ကြိမ်ဖြစ်ပွားခဲ့ရာ ငွေကျပ် ၁၁ ဒဿမ ၈ ဘီလီယံ ကျော် ဆုံးရှုံးခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးဌာနမှ စာရင်းများအရ သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ “မန္တလေးတိုင်းဒေသကြီးဟာ လူနေ ထူထပ်တဲ့အတွက် မီးလောင်မှုအဖြစ် များတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ အထပ်မြင့် အဆောက်အအုံတွေ မီးလောင်မှုဖြစ်ပြီဆိုရင် အဲဒီအတွက် လိုအပ်တဲ့ မီးသတ် အထောက်အကူပြုယာဉ်တွေ လိုအပ်လာတယ်။ တိုင်းဒေသကြီးမှာ မီးသတ် အထောက်အကူပြုယာဉ် (လှေကားတင်ယာဉ်) ခုနစ်စီးလောက်ပဲ ရှိတယ်။ အဲဒီယာဉ်က ပေ ၁၂၀ အမြင့် ရှိတဲ့ အဆောက်အအုံတွေအထိပဲ ရေပက်လို့ အဆင်ပြေတယ်။ ပေ ၁၂၀ ကျော်ရင် မရဘူး” မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်က ပြောသည်။
မန္တလေးသည် လူနေထူထပ်မှုများပြားလာမှု နှင့်အတူ မြို့ပြဖွံ့ဖြိုးမှု ပိုမို အားကောင်းလာသဖြင့် မီးဘေး အန္တရာယ် အများဆုံး ကျရောက်နိုင်သည့် ဒေသတွင် ပါဝင်သဖြင့် ပြည်သူများအနေဖြင့် မီးဘေးသတိရှိကြရန် လိုအပ်လာကြောင်း၊ အကယ်၍ မီးလောင်မှုဖြစ်ပွားခဲ့ပါက မီးလောင်ရာနေရာသို့ မီးသတ်ယာဉ် မရောက်မီ မီးလောင်မှုကို ခေတ္တ တားဆီးနိုင်ရန် အပေါ့စား ရေစက် များထားရှိခြင်း၊ မီးသတ်ဆေးဘူး ဆောင်ထား၍ မီးငြှိမ်းသတ်ခြင်းများ လုပ်ဆောင်ကြရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ သိရသည်။
အဆိုပါ ဌာနမှ ဒုညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက “လျှပ်စစ်မီးသုံးစွဲမှုကလည်း ပိုများလာတာကြောင့် လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်စဉ်တွေ ဖြစ်ပွားနေရသလို ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှုက အများဆုံးဖြစ်နေပါတယ်၊ ကိုယ့်အိမ်မှာဘဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာဖြစ်ဖြစ် မီးလောင်ရင် ကြိတ်ပြီး ငြှိမ်းနေမယ့်အစား မီးသတ်ကိုအကြောင်းကြား၊ သတင်းပေးသင့် တယ်”ဟု ပြောသည်။
ဆက်လက်၍ သူက “တချို့မြို့နယ်၊ ရပ်ကွက်တွေက လမ်းက ကျဉ်းကျဉ်း၊ လူနေအိမ်က ထူ ထပ်၊ အဝင်လမ်း၊ အထွက်လမ်းက မကောင်း၊ မီးသတ်ကား ရေဖြည့်နိုင်ဖို့အတွက် ရေရနိုင်တဲ့နေရာ ဝေးတာတွေဟာ မီးငြှိမ်းသတ်ဖို့ တော်တော် အခက်အခဲ ဖြစ်တယ်။ လူတွေကလည်း မီးလောင်ပြီဆိုရင် ကူညီပေးသူက နည်းနည်း ဝိုင်းအုံကြည့် တဲ့သူကများများ ဖြစ်နေတာကလည်း အခက်အခဲ တခုပဲ။ နှစ်စဉ်မီးလောင်မှု အဖြစ်အများဆုံးဖြစ်တဲ့ မတ်၊ ဧပြီ၊ မေလကို ရောက်တော့မယ် ဆိုတော့ မီးနဲ့ပတ်သက်ပြီး အထူး ဂရုစိုက်ကြဖို့ လိုအပ်ပါတယ်”ဟု ရှင်းပြသည်။
ယခုနှစ် ပထမ ၅ လ အတွင်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ၂၀၁၅ နှစ် ပထမ ၅ လအတွင်း မီးလောင်မှုထက် ၁၁ ဘီလီယံခန့် ပိုများသည်ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ၏ မီးလောင်မှုမှတ်တမ်းများအရ သိရသည်။
၂၀၁၆ ခုနှစ်အတွင်း မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် သိန်းပေါင်း ၁၁၈၉၆ ကျော် ရှိခဲ့သည်။ ဇန်နဝါရီလ အတွင်း မီလောင်မှုအကြိမ်ရေ ၂၂ ကြိမ်တွင် ကျပ် ၁၄၉ သိန်းကျော်၊ ဖေဖော်ဝါရီလ မီးလောင်မှုအကြိမ်ရေ ၂၅ ကြိမ်တွင် ကျပ် ၄၀၂ သိန်းကျော် ၊ မတ်လအတွင်း မီးလောင်မှု အကြိမ်ရေ ၃၃ ကြိမ်တွင် ကျပ် ၁၀၇၂ သိန်းကျော် ၊ ဧပြီလ မီးလောင်မှုအကြိမ်ရေ ၂၈ ကြိမ်တွင် ကျပ် ၁၄၆ သိန်းကျော်နှင့် မေလ မီးလောင်မှုအကြိမ်ရေ ၂၃ ကြိမ်တွင် ကျပ် ၄၇၀ သိန်းကျော် ရှိခဲ့သည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၅ ခုနှစ်အတွင်း မီးလောင်မှုအကြိမ်ရေ ၂၂၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ပေါင်း၂၀၆၉သိန်းကျော်၊ ၂၀၁၄ခုနှစ်က မီးလောင်ဆုံးရှုံးမှုတန်ဖိုးထက် ကျပ်သိန်းပေါင်း ၁၄၀ ကျော် ပို၍များပြားခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင် တားဆီးရေးနှင့် မီးလောင်မှုဖြစ်စဉ်များ အမြဲမပြတ် စောင့်ကြည့်ကာကွယ်နိုင်ရန် မီးလောင်နေရာ အား ထောက်လှမ်းရှာဖွေရေး ကိရိယာ CCTV ကင်မရာ ကို မြို့၏ အမြင့်ဆုံး အဆောက်အအုံဖြစ်သော မန်းမြန်မာ ပလာဇာ (ဈေးချို) အပေါ်ဆုံးထပ်၌ တပ်ဆင်ထားသည်ဟု သိရသည်။
အဆိုပါ ကင်မရာဖြင့် မန္တလေးခရိုင် အတွင်းရှိ မီးလောင်မှု ဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုကွပ်ကဲခြင်း၊ မီးလောင်မှုနေရာ ခန့်မှန်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်နေလျက်ရှိပြီး မီးလောင်မှုအခြေအနေ အနည်းအများပေါ် မူတည်၍ မီးသတ်ယာဉ် အုပ်စုများ အချိန်နှင့်တစ်ပြေးညီ စေလွှတ်ပေးလျက်ရှိကြောင်း သိရသည်။