မြန်မာနိုင်ငံ ကျောက်မျက်ရတနာ အသင်းအတွင်း ဖြစ်ပွားလျက်ရှိသည့် ငွေကြေးအရှုပ်အရှင်း ကိစ္စရပ်များကို စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်း၍ စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးရုံးမူက ပြောသည်။
ယမန်နေ့ ညနေပိုင်းက နေပြည်တော် ကျောက်မျက်ရတနာ အသင်းရုံးချုပ် နဝရတ်ခန်းမတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးရုံးမူက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ယမန်နေ့ နံနက်ပိုင်းက အသင်းချုပ် အဆောက်အဦတွင် ကျောက်မျက်ရတနာ လုပ်ငန်းရှင် အားလုံးပါဝင်သည့် အစည်းအဝေးတခု ပြုလုပ်ခဲ့ပြီး ယင်း အစည်းအဝေးတွင် တောင်းဆိုချက်တချို့အရ စုံစမ်းစစ်ဆေးမှု စတင်ရန် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
“လာမယ့် ၁၅ ရက်နေ့မှာ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ထပ်လုပ်ပါမယ်။ အဲဒါပြီးရင် စုံစမ်းရေး ကော်မတီတရပ် ဖွဲ့ပြီး အသင်းပိုင်ငွေတွေကို ဘယ်လို အသုံးပြုမလဲဆိုတာ စစ်ဆေးကြမှာပါ။ အလွဲသုံးစား လုပ်တဲ့သူတွေကိုလည်း ထိရောက်စွာ အရေးယူသွားမှာပါ”ဟု ဦးရုံးမူက ပြောသည်။
စုံစမ်းရေး ကော်မရှင်တွင် ကျောက်မျက်ကိစ္စ တိုင်ကြားခံရသူ၊ တိုင်ကြားရာတွင် ပါဝင်သူနှင့် ပညာရှင်များ ပါဝင်မည်ဟု ကျောက်မျက်အသင်းက ပြောသည်။
ယခုစစ်ဆေးမည့် ကိစ္စမှာ အသင်း ရန်ပုံငွေနှင့် ကျေက်မျက်ပြပွဲ ဗဟိုကော်မတီ ရန်ပုံငွေမှ အသင်းထံသို့ ရောက်ရှိလာသည့် အမေရိကန်ဒေါ်လာ ၁၀ သန်း သုံးစွဲမှုကို စစ်ဆေးမည်ဟု သိရှိထားကြောင်း စစ်ကိုင်းတိုင်း ကျောက်မျက်ရတနာ အသင်း ဥက္ကဋ္ဌ ဦးအောင်ကြီးက ပြောသည်။
“ပြပွဲ ဗဟိုကော်မတီမှာ အသင်းက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၁၀ ယောက်နဲ့ အတွင်းရေးမှူးတွေ ပါတယ်။ သူတို့အားလုံး အဲဒီမှာ ပါပြီးတော့ ငွေသုံးစွဲတာ မသိဘူးဆိုတာ ဖြစ်နိုင်လား။ သူတို့သိထားရင် အသင်းဝင်တွေကို ချပြရမယ်။ သူတို့ ပြပွဲ ဗဟိုကော်မတီမှာ ပါတယ်ဆိုတာတောင် ဒီနေ့ အစည်းအဝေးမှ သိတယ်။ ကျနော်တို့ ကတော့ အသင်းအကျိုးကို ဆောင်ရွက်ပေးမယ့် ပွင့်လင်းမြင်သာတဲ့ ဥက္ကဋ္ဌ အသစ်တယောက် လိုချင်တယ်” ဟု ဦးအောင်ကြီးက ပြောသည်။
ကျောက်မျက်ပြပွဲ ဗဟိုကော်မတီမှ သုံးစွဲစရိတ်များကို ယခင် သတ္တုတွင်းဝန်ကြီးဌာနက စီမံခန့်ခွဲခဲ့ခြင်း ဖြစ်ပြီး အသင်းအနေဖြင့် မသိရှိကြောင်း၊ ယင်းကိစ္စ သုံးစွဲမှုများကို တာဝန်ခံရန် အစီအစဉ် မရှိကြောင်း၊ ယခုကဲ့သို့ ပြဿနာများ ပေါ်ပေါက်လာသည့် အတွက် လာမည်နှစ်မှစ၍ နေပြည်တော် ကျောက်မျက်ပြပွဲတွင် အခွန် ၁ ရာခိုင်နှုန်း ကောက်ခံတော့မည် မဟုတ်ကြောင်း ကျောက်မျက်အသင်း ဥက္ကဋ္ဌ ဦးရုံးမူက ပြောသည်။
“ပြပွဲ ဗဟိုကော်မတီ ရန်ပုံငွေနဲ့ အသင်းချုပ်ရဲ့ ရန်ပုံငွေတွေက မတူပါဘူး။ ပတ်သက်မှုလည်း မရှိဘူး။ သိလည်း မသိဘူး။ သမ္မတကြီးဟောင်း ဦးသိန်းစိန် ၇ သန်း ယူတယ်လို့ ပြောကြတယ်။ ဦးစိုးသိမ်းက ၅ သန်း ယူတယ်လို့ ပြောကြတယ်။ ကျနော်တို့ မသိဘူး။ ကျနော်တို့နဲ့လည်း မဆိုင်ဘူး။ ပြပွဲ ဗဟိုကော်မတီက စီမံခန့်ခွဲတဲ့ ကိစ္စတွေ” ဟု ဦးရုံးမူက ပြောသည်။
ကျောက်မျက် လုပ်ငန်းရှင်များထံမှ ကောက်ခံထားသည့် အခွန် ၁ ရာခိုင်နှုန်းကိစ္စမှာ ၂၀၀၆ ခုနှစ်မှ စတင်၍ ကျောက်မျက်ပွဲတွင် ပါဝင်ပြသသည့် ကျောက်မျက်လုပ်ငန်းရှင်များထံမှာ ကောက်ယူထားခြင်း ဖြစ်ကြောင်း၊ ယင်းငွေများ မည်သို့ သုံးစွဲသည်ကို ကျောက်မျက်ပြပွဲ ဗဟိုကော်မတီထံမှ တောင်းခံထားပြီး ကျောက်မျက် အသင်းဝင်များထံသို့ ရှင်းလင်းပေးသွားမည် ဖြစ်ကြောင်း ကျောက်မျက် အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမြင့်ဟန်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ကျောက်မျက် ဗဟိုကော်မတီ ရန်ပုံငွေမှာ မည်မျှရှိကြောင်း အသင်းတာဝန်ရှိသူများက မရှင်းလင်းသော်လည်း ပြင်ပတွင် အမေရိကန်ဒေါ်လာ ၈၇ သန်း ရှိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ကျောက်မျက် ဗဟိုကော်မတီကို စီမံခန့်ခွဲခဲ့သည့် ယခင် သတ္တုတွွင်းဝန်ကြီးဟောင်း ဒေါက်တာ မြင့်အောင်က ဇွန်လ ၂ ရက်နေ့တွင် နေပြည်တော် ကျောက်မျက် အသင်းရုံးချုပ် နဝရတ်ခန်းမတွင် သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပပြုလုပ်ခဲ့သေးသည်။