ကချင်နှင့် ရှမ်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်ထားသည့် ၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုကြကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နှစ်ရက်တာ ဆွေးနွေးခဲ့ကြသည့် ပင်လုံအကြို ညှိနှိုင်းအစည်းအဝေးအပြီး ပြောကြားသည်။
ဇွန်လ ၇ နှင့် ၈ ရက်နေ့တို့တွင် ကျင်းပသည့် ပင်လုံဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင် အဓိက ပါဝင်လက်မှတ်ထိုးခဲ့ကြဖူးသည့် တိုင်းရင်းသားများဖြစ်ကြသော ရှမ်း၊ ကချင်နဲ့ ချင်းတို့၏ ပင်လုံစိတ်ဓာတ်၊ ပင်လုံ ကတိကဝတ်အပေါ် နားလည်မှု စသည့် အမြင်သဘောထားများ ဖလှယ်ရန် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား ခေါင်းဆောင်များ အစည်းအဝေးသို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဗိုလ်ချုပ် စိုင်းထူးတို့ ဦးဆောင် တက်ရောက်ကြပြီး ချင်းအမျိုးသားတပ်ဦး (CNF) မှ ခေါင်းဆောင်များ အနေဖြင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိသော်လည်း အစည်းအဝေး သဘောတူချက်များကို လက်ခံမည်ဟု ကြိုတင် ပြောကြားထားကြောင်း သိရသည်။
အစည်းအဝေးအပြီးတွင် ဆွေးနွေးမှု မှတ်တမ်းကို သဘောတူညီကြောင်း ကချင်နှင့် ရှမ်း ထိပ်ပိုင်းခေါင်းဆောင် သုံးဦးက အသီးသီး လက်မှတ်ရေးထိုးခဲ့ကြသည်။
ပင်လုံအကြို ညှိနှိုင်းမှုနှင့် ပတ်သက်၍ KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော်က မူလပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများက ဦးဆောင်ကာ တာဝန်သိသိဖြင့် သုံးသပ်ချက်များ စတင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် နောက်ပိုင်း အစည်းအဝေးများတွင် မည်သို့မည်ပုံ ပါဝင်ဆောင်ရွက်ကြမည်နှင့် ပြည်သူလူထုသို့ မည်သို့မည်ပုံ ချဉ်းကပ်မည် ဆိုသည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
“အဓိကကတော့ သဘောတူညီမှု ဆိုတာထက် ကျနော်တို့ သဘောထားအမြင်တွေ စုစည်းတာ။ တူညီတဲ့ သဘောထားအမြင်က ကျနော်တို့ ၂၁ ရာစု ပင်လုံကို ကြိုဆိုတယ်။ ပင်လုံရဲ့ အခြေခံ အနှစ်သာရ မပျောက်ပျက်ဘဲ ညှိနှိုင်းဆောင်ရွက်သွားမယ်။ လူထုကိုလည်း ကျနော်တို့က လိုအပ်တဲ့ တိုင်ပင်မှုတွေ လုပ်ပြီးမှ ပြင်ဆင်သွားမယ်ဆိုတဲ့ သဘောထားတွေ မှတ်တမ်းတင်ထားတယ်” ဟု ၎င်းက ဆိုသည်။
RCSS အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းကလည်း ခေါင်းဆောင်များအနေဖြင့် ၂၁ ရာစုပင်လုံ ညီလာခံကို ထောက်ခံကြိုဆိုသည့် ဘုံသဘောတူညီမှုတခု ရခဲ့သည်ဟု ဆိုသည်။
စိုင်းမိဏ်းက “အဲ့ဒီ ညီလာခံကိုလည်း ဒီ ပင်လုံ ကတိကဝတ်တွေ၊ အနှစ်သာရတွေ၊ ပင်လုံ စိတ်ဓါတ်တွေနဲ့အညီ မပပျောက်စေဘဲ ကျင်းပဆောင်ရွက်သွားမယ်လို့ ကျနော်တို့ ယုံကြည်မျှော်လင့်ထားတယ်” ဟု သတင်းထောက်များကို ပြောကြားသည်။
ဗိုလ်ချုပ် ဂွန်မော်က ပင်လုံညီလာခံအတွက် ဆွေးနွေးပွဲများ ဆက်လက်ရှိနေမည် ဖြစ်ပြီး “အောင်မြင်တဲ့ အစည်းဝေးတခု ဖြစ်အောင် တက်ရောက်မယ်” ဆိုသည့် သဘောထားကို မှတ်တမ်းတင်ထားရာတွင် ပါဝင်သည်ဟု ဆိုသည်။
ပင်လုံအကြို ညှိနှိုင်း အစည်းအဝေးသည် ယခင် သီတင်းပတ်အတွင်း RCSS နှင့် KIO ခေါင်းဆောင်နှစ်ဦးတို့ သီးသန့် တွေ့ဆုံမှုအပြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
KIO မှ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၎င်း၏ အစည်းအဝေး အပိတ်မိန့်ခွန်းတွင် “ရှေ့ဆက်ပြီး လုပ်သွားမယ့် လုပ်ငန်းစဉ်မှာ အင်မတန်မှ အရေးကြီးတဲ့ ကဏ္ဍကို ရှမ်းနဲ့ ကချင်၊ ချင်း၊ ကျနော်တို့ မူလပိုင်ရှင်များ ဖြစ်တဲ့အတိုင်း ကျနော်တို့က ပိုပြီးတော့ တာဝန်ယူမှုရှိရှိနဲ့ ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဒီနေ့ကျနော်တို့ သဘောတူတဲ့အတိုင်း အခြား အခြားသော တိုင်းရင်းသားတွေနဲ့လည်း တွေ့ဆုံပြီး၊ ဆွေးနွေးပြီး အစိုးရက ဖိတ်ခေါ်တဲ့ ညီလာခံမှာ တသွေးတသံနဲ့ တင်ပြသွားနိုင်အောင် ကျနော်တို့ ဆက်လက်ပြီး ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
အစိုးရသစ်၏ ပြည်ထောင်စုငြိမ်းချမ်းရေး (၂၁ ရာစုပင်လုံ) ကို အဖွဲ့အသီးသီးက ကြိုဆိုကြကြောင်း ပြောဆို နေကြသော်လည်း၊ NCA စာချုပ် လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) သည် အစိုးရသစ်၏ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ပြန်လည် သုံးသပ်ရေး အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခံရသော်လည်း ပါဝင် တက်ရောက်နိုင်ခြင်း မရှိသေးချေ။
မူဘောင် ပြန်လည်သုံးသပ်ရေး အစည်းအဝေးကို ယခုအပတ်တွင်း ကျင်းပသွားရန်ရှိသည်။ DPN ခေါင်းဆောင် တဦးဖြစ်သည့် SSPP မှ ဗိုလ်ချုပ် စိုင်းထူးက DPN အဖွဲ့ဝင် အဖွဲ့အစည်းများ အကြား အစည်းအဝေး ခေါ်ယူပြီးမှ မည်သည့်အချိန် တက်ရောက်နိုင်မည်ကို သိနိုင်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။