မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးအား အသစ်ပြန်လည်တည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၄၂ ရက်နေ့ ပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဇန်နဝါရီ လကတည်းက မီးလောင်ကျွမ်းမှုခံထားရသည့် မင်္ဂလာဈေးကို ဆက်လက်ဆောင်ရွက်မည့်ကိစ္စအပေါ် ယနေ့အချိန်ထိ ရှင်းလင်းမှု မရှိသည့်အတွက် ဈေးအသစ် တည်ဆောက်ရေး၊ ပြန်လည်ပြုပြင်ရေးတို့နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “ဈေးဆိုင်ခန်းတွေ မဲခွဲတဲ့နေရာမှာ အသစ်တည်ဆောက်ဖို့က ၅၆ ဒဿမ ၅ ရာခိုင်နှုန်းရှိ ပါတယ်၊ ဒါကို တိုင်းလွှတ်တော်ကတဆင့် အစိုးရအဖွဲ့ကို တင်ပြပြီး ဆုံးဖြတ်ချက်ကို အမြန်ဆုံးအကောင်အထည် ဖော်သွားမှာပါ”ဟု ပြောသည်။
မင်္ဂလာဈေးကြီး ကြံ့ခိုင်မှုနှင့် ပတ်သက်၍ အင်ဂျင်နီယာအသင်း၏ အစီအရင်ခံစာတွင် မီးဘေးတိုက်ရိုက် ကြုံတွေ့မှု မရှိခဲ့သည့် တတိယထပ်မှ မြေညီထပ်အထိ ခိုင်ခံ့ကောင်းမွန်၍ ဆက်လက် အသုံးပြုနိုင်သည့် အနေအထားတွင် ရှိကြောင်းနှင့် စတုတ္ထထပ် အပေါ်ပိုင်းကို သံထည်များဖြင့် ပြန်လည်တည်ဆောက်ရန် အကြံပြုထားကြောင်း ၎င်းက ပြောသည်။
မင်္ဂလာဈေးသစ်ကြီးကို ၁၉၉၈ ခုနှစ် ဇူလှိုင် ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ခုနှစ် မေလတွင် ပထမ အကြိမ်၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဒုတိယအကြိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
ဒုတိယအကြိမ် မီးလောင်ကျွမ်းမှုတွင် ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်း၊ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၃၆၀၆၀၂ သိန်း ပျက်စီးဆုံးရှုံးခဲ့ပြီး လတ်တလောတွင် ဆိုင်ခန်းများအား ဈေးဝန်းအတွင်းတွင် ယာယီဆိုင်ခန်းများအဖြစ် ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။