ရခိုင်ပြည်နယ် ကျောက်ဖြူ ၊ ပုဏ္ဏားကျွန်း နှင့် မြေပုံမြို့နယ်များရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်ဆဲဖြစ်သည့် မွတ်စလင် များ ကို လူဦးရေစာရင်း ကောက်ယူမှုများ ပြုလုပ်လျက်ရှိပြီး နိုင်ငံသား စိစစ်ခံမည့်သူ၏ သက်သေခံကတ်ပြား (NVC)များ ထုတ်ပေးနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
မြို့နယ် ၃ခုရှိ ဒုက္ခသည်စခန်းများမှ မူဆလင်များ၏ စာရင်းကောက်ယူခြင်းကို ဇွန်လ ၇ ရက်နေ့တွင်စတင်ပြုလုပ်ခြင်းဖြစ်ပြီး ဇွန်လ ၇ ရက်နေ့တွင် မြေပုံမြို့နယ်၊ တောင်ပေါ်ရပ်ကွက် ဒုက္ခသည်စခန်းမှ အမျိုးသား ၅၇ ဦး၊ အမျိုးသမီး ၆၉ ဦး၊ ကျောက် ဖြူ မြို့နယ်ရှိ ကျောက်တလုံး ဒုက္ခသည်စခန်းမှ အမျိုးသား ၄၁ ဦး၊ အမျိုးသမီး ၅၁ ဦး၊ ဇွန်လ ၈ ရက်နေ့တွင် မြေပုံမြို့နယ် တွင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၇ ဦး၊ ကျောက်ဖြူမြို့နယ်တွင် အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၈၄ ဦး စုစုပေါင်း ၃၉၀ ကို NVC ကတ်များ ထုတ်ပေးနိုင်ခဲ့ကြောင်း၊ သို့ရာတွင် ပုဏ္ဏားကျွန်းမြို့နယ်တွင် NVC ထုတ်ပေးမှုနှင့် ပတ် သက်၍ နား လည်မှု လွဲမှား၍ စာရင်းကောက်ယူနိုင်ခြင်းမရှိကြောင်း သိရှိရသည်။
“ကျနော်တို့မှာ အဲဒီ ၃ မြို့နယ်က ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသား လူဦးရေစာရင်း ရှိပြီးပါပြီ။ ကျနော်တို့က ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှာ သူတို့ရဲ့ လူမျိုးအမည်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေရှိခဲ့တဲ့ မွတ်စလင်တွေရဲ့ အချက်အလက်တွေ ကို အခုကောက်ယူ သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့က ဒီမြို့နယ် ၃ ခုမှာ ရှိတဲ့ စုစုပေါင်း လူဦးရေကို လိုချင်ပါတယ်။ တကယ် လို့ ကျနော်တို့က လူဦးရေ အရွယ် အစားကို အတိအကျ မသိဘူးဆိုရင် နောက်ပိုင်းမှာ ဖွံ့ဖြိုးရေး စီမံကိန်းတွေ အကောင် အထည်ဖော်ဖို့ ခက်ခဲပါလိမ့်မယ်။” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်က ပြောသည်။
ရခိုင်ပြည်နယ်မှ မွတ်စလင်ဘာသာဝင်အများအပြားက “ဘင်္ဂါလီ” ဟု သတ်မှတ်ဖော်ပြခြင်းကို ငြင်းဆန်ခဲ့ကြသည့် အတွက် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျန်ရစ်ခဲ့ကြသည်။ “ဘင်္ဂါလီ” ဆိုသည်မှာ မြန်မာ အစိုးရနှင့် ပြည်သူများ က ရခိုင် ပြည်နယ်တွင် အများဆုံးနေထိုင်ကြသည့် နိုင်ငံမဲ့ မွတ်စလင်များကို ရည်ညွှန်းအသုံးပြုသည့် အခေါ် အဝေါ်ဖြစ် ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင်ရောက်ရှိလာသူများဟု အဓိပ္ပာယ် ရသည့် စကားလုံး ဖြစ် သည်။
ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း နှင့် မြေပုံမြို့နယ်များရှိ ဒုက္ခသည် စခန်းများတွင် နိုင်ငံမဲ့ မွတ်စလင်များ အပြင် ကမန် တိုင်းရင်းသား များ လည်းပါဝင်နေသည်။ ကမန်တိုင်းရင်းသားများမှာ နိုင်ငံမဲ့ များကဲ့သို့ မဟုတ်ဘဲ မြန်မာနိုင်ငံတွင် တိုင်းရင်းသား အဖြစ် တရားဝင် သတ်မှတ်ခံထားရသည့် လူမျိုးစုဖြစ်သည်။ သဘောတရားအရ အလိုအလျောက် နိုင်ငံသားဖြစ်နေသူများ ဖြစ် သည်။
သို့သော်လည်း ကမန်လူမျိုး အများစုမှာ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်တို့တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းများအတွင်းတွင် သားကောင်ဖြစ်ခဲ့ကြရပြီး ဒုက္ခသည်စခန်းတွင်လည်း နိုင်ငံမဲ့မွတ်စလင်များ ကဲ့သို့ပင် အလုပ်လုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့် နှင့် ကျန်းမာရေး စောင့်ရှောက်မှုများရရှိခွင့်တို့ကို ကန့်သတ် ခံထားရသူများ ဖြစ်ကြ ပါသည်။
မြေပုံမြို့နယ်ရှိ ဒုက္ခသည် စခန်းတခုမှ ကမန်တိုင်းရင်းသား တဦးဖြစ်သည့် ဦးအောင်လွင်က ယခုကဲ့သို့ စာရင်းကောက်ယူ ခြင်းကို လက်ခံမည်ဆိုလျှင် မည်သည့်အခွင့်အရေး ရမည်နည်းဟု မေးခွန်းထုတ်လိုက်သည်။
“ကျနော်တို့ စခန်းကို မနက်ဖြန်ကျရင် လာစစ်တော့မယ်။ ပထမလာစစ်တုန်း ကလည်း ကျနော်တို့က ငြင်းမရတော့ ဘင်္ဂါလီ အနေနဲ့ပဲ ဒီစခန်းမှာရှိတဲ့လူတွေက လက်ခံခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့မှာ အပြင်ထွက် သွားလာဖို့ ဘာ အခွင့် အရေးမှ မရခဲ့ပါဘူး။ အခုနောက်ထပ်တစ်ခေါက် လာစစ်ရင်တော့ အခြေအနေကိုတော့ ကြည့်ပြီး မနက်ဖြန်ကျရင် ပြောမယ်။ ဘင်္ဂါလီကိုပဲ လက်ခံဖို့ ထပ်ပြောလာရင် ကျနော်အနေနဲ့တော့ လက်ခံဖို့တော့ရှိမယ်။ ဒါပေမဲ့ အဲဒီအတွက် ဘာအခွင့်အရေး ရမှာလဲ မေးရမယ်” ဟု ဦးအောင်လွင်က ပြောသည်။
၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဟောင်းက နိုင်ငံသားစိစစ်ရေး ရှေ့ပြေးအစီအစဉ်တခုကို မြေပုံမြို့နယ်ရှိ ဒုက္ခ သည် စခန်းတွင် စတင်ဆောင်ရွက်ခဲ့သည်။ စစ်ဆေးခဲ့သူ မူဆလင် ၁၀၉၄ ဦးတွင် တရားဝင်နိုင်ငံသား ဖြစ်ခွင့်ရှိသူ ၂၀၉ ယောက် ပါဝင်သည့်အတွက် ၂၀၁၄ စက်တင်ဘာလ အတွင်းက နိုင်ငံသား ကတ်များထုတ်ပေးခဲ့သည်။
၎င်းတို့ ထဲမှ ၁၆၉ ဦးမှာ မွေးရာပါနိုင်ငံသား ဖြစ်ခွင့် ရှိသည့် ကမန်တိုင်းရင်းသားများ ဖြစ်ကြသည်။ သို့သော်လည်း ရခိုင် ပြည်နယ် မြို့တော် စစ်တွေမြို့နှင့် မြေပုံမြို့တို့တွင် ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ် ခဲ့ ကြ သည့် အတွက် အဆိုပါ အစီအစဉ်ကို ရပ်ဆိုင်းထားခဲ့ရသည်။