နော်ဝေးနိုင်ငံ ဖရိုလန်းမြို့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ၌ ထားရှိမည့် ဒေါ်အောင်ဆန်းစုကြည် ပုံတူကြေးရုပ်အား ထုလုပ်သူ Magnar Kjeldsmo (မာန့်နား ရှဲစမိုး) ကိုယ်တိုင် ပန်းခြံဖြစ်မြောက်ရေးကော်မတီထံ ၂၀၁၆ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ လွှဲပြောင်းအပ်နှံခဲ့သည်။
ကြေးအချိန် ၂.၆ ကီလိုဂရမ်ရှိပြီး အလျား ၂၀ စင်တီမီတာ၊ အနံ ၁၅ စင်တီမီတာနှင့် အမြင့် ၄၀ စင်တီမီတာရှိသော အဆိုပါကြေးရုပ်အား ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအလည်၌ နော်ဝေး-မြန်မာ နှစ်ဘာသာနှင့် ကိုယ်ရေးအကျဉ်းချုပ် ကဗ္ဗည်းမှတ်တမ်းထိုး ထားရှိမည်ဟု သိရသည်။
ပန်းခြံကို လာမည့် ဇွန်လ ၁၉ ရက် နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်မြောက်မွေးနေ့တွင် ဖွင့်လှစ်မည်ဖြစ်သည်။
“ ပန်းခြံအလည်မှာ ဒေါ်အောင်ဆန်းစုကြည် အမှတ်တရသစ်ပင်အနေနဲ့ နှစ်တစ်ထောင်သက်တမ်းခံ သစ်အယ်ပင်တပင်နဲ့အတူ ကြေးရုပ်ကိုထားမှာဖြစ်တယ်၊ ပန်းခြံအဝင်ဝမှာလည်း မြန်မာပန်းပုဆရာ ကိုငယ်ဇော်ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဖရောင်းရုပ်ထု လက်ရာကိုလည်း ဧည့်မှတ်တမ်းစာအုပ်နဲ့အတူ ထားဖို့ အစီအစဉ်ရှိပါတယ်၊ လွန်ခဲ့တဲ့ သတင်းပတ်တွေကစပြီး ဖရိုလန်းအပါအဝင် အနီးအနားက မြန်မာတွေလာရောက်ပြီး ပန်းခြံသန့်ရှင်းရေးအတွက် လုပ်အားပေးပြင်ဆင်မှုတွေကို စတင်လုပ်နေကြပါပြီ” ဟု ပန်းခြံ ဖြစ်မြောက်ရေး ကော်မတီအကြီးအကဲ ဆလိုင်းဂျွန်မန်းက ဆိုသည်။
ဆလိုင်းဂျွန်မန်းက မြေကြီးပေါ်မှာရှိသော ပန်းခြံနှင့် စိတ်နှလုံးထဲကပန်းခြံဟူ၍ ၂ မျိုးရှိရာ မြေကြီးပေါ်က ပန်းခြံတွင် အမှိုက်သရိုက် ရှုပ်ပွနေပါက ဒေသဆိုင်ရာ စည်ပင်သာယာရေးအနေဖြင့် ကူညီသန့်ရှင်းပေး၍ ရသော်လည်း မိမိတို့ စိတ်နှလုံးထဲက ပန်းခြံရှိ အမှိုက်တွေကိုတော့ မည်သည့်စည်ပင်သာယာရေးကမှ ကူညီသန့်ရှင်းပေးနိုင်မည် မဟုတ်ဘဲ စိတ်နှလုံးထဲမှ ပန်းခြံ အစဉ်သန့်ရှင်းလှပရန်မှာ မိမိတို့ တဦးချင်းစီက တာဝန်ယူကြရမည်ဟု ကြေးရုပ်လွှဲပြောင်းပွဲတွင် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကြေးရုပ်တုကို ထုလုပ်ခဲ့သည့် နော်ဝေးပန်းပုဆရာ မာန့်နား ရှဲစမိုးက ၎င်းအနေဖြင့် ယခုရုပ်ထုအား နော်ဝေနိုင်ငံ နိုဘယ်ငြိမ်းချမ်းရေးစင်တာတွင် ပြသထားရှိသည့် ဒေါ်အောင်ဆန်းစုကြည် ရုပ်တု၏ပုံတူအား ပြန်လည်ကူးယူ ထုလုပ်ခြင်းဖြစ်ပြီး အချိန်သုံးပတ်ပေး၍ နေ့ရောညပါ ထုလုပ်ခဲ့ရကြောင်း ပြောသည်။
“ ဒီကြေးရုပ်ထုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအတွက် ကျနော်ပေးနိင်တဲ့ အမြင့်ဆုံးလက်ဆောင်တခုပါ။ အောင်ဆန်းစုကြည်ပန်းခြံကို အခြေခံပြီး နော်ဝေ-မြန်မာ ချစ်ကြည်ရေး ပိုမိုအားကောင်းလာပြီး နော်ဝေအစိုးရနှင့် ပြည်သူတွေထံက မြန်မာနိုင်ငံအပြောင်းအလဲအပေါ် လက်ရှိအနေအထားထက် ပိုမိုအာရုံစူးစိုက်ပံ့ပိုးလာမယ်လို့ ယုံကြည်ပါတယ်”ဟု နော်ဝေ ပန်းပုဆရာက ပြောသည်။
အဆိုပါ ရုပ်တု ပေးအပ်ပွဲ အခမ်းအနားတွင် ပန်းခြံဖြစ်မြောက်ရေး တက်ကြွလှုပ်ရှားသူ နော်ဝေနိုင်ငံသား Øystein Åsen (အွေစတိုင်း အောဆင်) က “တကယ့်ကို အံ့သြစရာပါဗျာ။ ဒီနေရာရဲ့ ကြီးကျယ်တဲ့ အပြောင်းအလဲက တကယ်ပဲ ထူးခြားပါတယ်။ ဒီနေရာကို မြင်နေကျ ကျနော်တို့အတွက် အရင် ဒီနေရာနဲ့ အခုပြောင်းလဲလာပုံက လုံးဝ ကွာခြားသွားပြီလေ။ ဒီထက်ပိုပြီး အံ့သြစရာကောင်းတာတွေလည်း ထပ်မြင်တွေ့ရအုံးမှာပါ’’ဟု မှတ်ချက်ပြုသွားသည်။
လာမည့် ဇွန်လ၁၉ရက်နေ့၌ စတင်ဖွင့်လှစ်မည့် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေးနိုင်ငံသို့ အလည်အပတ်လာရောက်၍ ဖွင့်လှစ်ပေးရန် ပန်းခြံဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ ဖိတ်ကြားခဲ့သော်လည်း လုပ်ငန်းတာဝန်များနှင့် မအားလပ်သဖြင့် ၎င်း၏သဘောထားအား မြန်မာသံအမတ်ထံမှတဆင့် အသိပေးနိုင်ရန် အော်စလိုသံရုံးသို့ သဝဏ်လွှာတစောင် ရေးပို့ပေးထားကြောင်းလည်း သိရသည်။
အောင်ဆန်းစုကြည် ပန်းခြံ တရားဝင်ဖွင့်ပွဲအခမ်းအနား တွင် အော်စလိုအခြေစိုက် မြန်မာသံအမှုထမ်းများနှင့်အတူ မြန်မာပြည်ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် ကူညီအားပေးခဲ့သူ ယခင် နော်ဝေး ဝန်ကြီးချုပ်ဟောင်း ရှဲလ်မတ်နဲ ဘွန်ဒယ်ဗစ်(Kjell Magne Bondevik) နှင့် နော်ဝေးနိုင်ငံ အစိုးရ အဖွဲ့ လွှတ်တော်ကိုယ်စားလှယ် ရှဲလ်အင်ဂူးလ်ဖ် ရော့်ပ်စတက်ဖ်( Kjell Ingolf Ropstad)အပါအဝင် ဖရိုလန်း မြို့တော်ဝန်နှင့် သံတမန်အချို့၊ ဒေသတွင်းအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ နော်ဝေးနှင့် အိမ်နီးချင်းနိုင်ငံအသီးသီးမှ မြန်မာပြည်ဖွားများလည်း ပါဝင်ကြမည်ဟုသိရသည်။
—