စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း မြို့နယ်၊ ပင်လည်ဘူးမြို့ နယ်၊ ဝန်းသိုမြို့ နယ်တို့တွင် ယနေ့နံနက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ပျက်စီး ဆုံးရှုံးမှုများပြား ကြောင်း သိရှိရသည်။
“လူသေအလောင်း ၂လောင်းကို ကျနော်တို့ စုံစမ်း သိရှိသလောက်ကတော့ ဝန်းသိုမြို့ပေါ်ကလူပါပဲ။ မနက် ၃နာရီ မှာ ရွှေကုမ္ဗဏီ ကို သွားလုပ်ဖို့ သွားရင် တောင်ကျချောင်းရေ ကြောင့် တံတားအောက်ပြုတ်ကျ သွား တယ်လို့ ယူဆ ပါတယ်” ဟု ဝန်းသိုမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ဧရာဝတီသို့ပြောသည်။
လက်ရှိတွင် ဝန်းသိုမြို့တွင် ရေများကျဆင်းသွားသော်လည်း ကောလင်းမြို့တွင် ဆက်လက် ရေကြီး လာနိုင် ကြောင်း၊ ကောလင်းမြို့သည် ဝန်းသိုမြို့၏ အောက်ဘက်ပိုင်းတွင် တည်ရှိသည်ဟု လည်း ဦးဇော်လင်းဦးကပြောသည်။
“ ရေကြီးတာက ဒီနေ့မနက် ၅နာရီခွဲက စတာပါ။ရပ်ကွက်ကတော့ အားလုံးနီးပါး ရေလျှံနေပါတယ်။ ကျောင်းတွေလည်း ရေတွေနစ်နေတော့ ပိတ်ထားလိုက်ပါပြီ။ ရထားလမ်းတွေလည်း ခေတ္တ ပိတ်ထားပါတယ်” ဟု ကောလင်းမြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဦးတင်စိုးက ဧရာဝတီ သို့ပြောသည်။
ကောလင်းမြို့၏ အဓိက ရေကြီးရသည့် အကြောင်းရင်းမှာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ သစ်တောဖြုန်းတီးမှု နှင့် သံယဇာတ တူးဖော်မှုတို့ကြောင့် ချောင်း၊ မြောင်းများ တိမ်းကောလာသည့် အတွက် ဖြစ်သည် ဟု လည်း ဦးတင်စိုးက ဆိုသည်။
“ ကျနော်တို့ ကိုယ်စားလှယ်တွေ အနေနဲ့ သဘာဝ ပတ်ဝန်းကျင် ကိစ္စတွေ တင်ပြမယ်။ အထူးသဖြင့် သတ္တု တူးဖော်တဲ့ကိစ္စတွေ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ဖို့ ကို လွှတ်တော် မှာတင်ပြသွားပါမယ်” ဟု လည်း ၎င်း ကဆိုသည်။
ကောလင်း မြို့ပေါ် ရေကြီးမှုနှင့် ပတ်သက်ပြီး လိုအပ်သည့် အခက်အခဲကို အသေးစိတ် အချက်အလက် မကောက်ရသေးကြောင်း၊ လက်ရှိတွင် ရေလျှံသည့် ရပ်ကွက်နေ ပြည်သူများ စားသောက်ဖို့အတွက် အနောက်ကျောင်းကြီး တိုက်တွင် ချက်ပြုတ်ကျွေးမွေးရေး စခန်းဖွင့်ထားသည် ဟု ကောလင်း မြို့ ဒေသခံ ကိုကျော်ဖုန်းလှိုင်က ဧရာဝတီသို့ပြောသည်။
“ရေလျှံတာကတော့ တမြို့လုံးပါပဲ။ ဆေးရုံကလူနာတွေကတော့ ကုတင်ပေါ်မှာပဲ နေခိုင်းထားပါတယ်။ ထွေအုပ် ရုံးရော ရေလျှံပါတယ်။ ဌာန ဆိုင်ရာတွေကတော့ ကိုယ်နည်းကိုယ်ဟန်နဲ့ ပြောင်းရွှေ့တာတွေ လုပ်နြေ ကပါတယ်” ဟု ကိုကျော်ဖုန်းလှိုင်က ပြောသည်။
အလားတူ ယနေ့ နံနက်ပိုင်း ရွာသွန်းခဲ့သော မိုးကြောင့် ပင်လည်ဘူးမြို့နယ် မြေလင်းကျေးရွာရှိ မြေလင်းချောင်း တွင် ရေကြီးခဲ့ပြီး မြေလင်းကျေးလက်ကျန်းမာရေးဌာန ဆိုင်းဘုတ်နှင့် အုတ်တံတိုင်းများ၊ မြေလင်း အ.ထ.က အုတ်တံတိုင်းများ လည်း ရေစားသောကြောင့် မျှောပါ ပြိုကျပျက်စီးကြောင်း၊ မြေလင်းချောင်း ၏ထိပ် ပင်လည်ဘူးမြို့သို့ သွားရာ ဘက်ကမ်းပါးရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တန်း အားလုံးရေထဲ မျောပါသွားကြောင်း သိရှိရသည်။
မိုးသည်းထန်မှုနှင့်ရေကြီးမှုကြောင့် ပင်လည်ဘူး-ကောလင်း ကားလမ်း လမ်းပိုင်းများ ပျက်စီးကာ တံတားတစ်စင်း ကျိုးကျ ခဲ့ကြောင်း၊ ပင်လည်ဘူးမြို့နယ် မြေလင်းကျေးရွာရှိ အရှည်ပေ ၃၀၀ ကျော် ခံစားချောင်းကူးတံတား ( ဒေသအခေါ် – ဦးသာအေးတံတား) ကျိုးကျ ပျက်စီးသွားကြောင်း သတင်းများရရှိထားသည်။
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့က ကောလင်းမြို့နယ်တွင် ရုတ်တရက်ကြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၁၇ ရက်နေ့တွင် ကျေးရွာများမှ ရေဘေးသင့် ပြည်သူများသည် ရေဘေးလွတ်ရာသို့ ထွက်ပြေးလာကြရာ ဒုက္ခသည် ၆ ထောင်ကျော် ရှိခဲ့ကြောင်း သိရသည်။