ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်က နာမည်ကျော်Tiger Temple (ကျားကျောင်း)နဲ့ ပတ်သက်မှု မရှိကြောင်း ကျားသတ်ရုံအဖြစ် အသုံးပြုသည်ဟု ယူဆခြင်းခံရသည့် အိမ်ပိုင်ရှင် Sia Tong က အာဏာပိုင်များနှင့် မီဒီယာများအား မနေ့က တွေ့ဆုံရာမှာ ငြင်းဆိုလိုက်ပါ တယ်။
ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကျားကျောင်းနဲ့ ကီလိုမီတာ ၅၀ ကွာဝေးတဲ့ Sia Tong ရဲ့ အိမ်ကို အာဏာပိုင် တွေက ရှာဖွေရာမှာ လှောင်အိမ်ထဲမှာ ထည့်ထားတဲ့ ကျား ၄ကောင်နဲ့ အလုပ်သမား ၂ဦး ကိုတွေ့ရှိခဲ့ပြီးနောက် အာဏာပိုင်တွေက သူ့ရဲ့ အိမ်ကို Tiger Temple နဲ့ ဆက်စပ်ရှိမှု ရှိနေပြီး၊ ကျားသတ်ရုံအဖြစ် အသုံးပြုတယ်လို့ သံသယရှိနေတာဖြစ်ပါတယ်။
မနေ့ကတော့ အိမ်ရှင် Sia Tong က သူ့အိမ်မှာရှိတဲ့ ကျား ၄ကောင်ကို ကာကွယ်စောင့်ရှောက်ခွင့်၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို ပြသခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ကာ ကျားကျောင်းနဲ့ ပတ်သက်နိုင်တဲ့ တရားမဝင် တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်မှု တွေကို စုံစမ်းစစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာရာ၊ ကျားကျောင်းမှ တွေ့ရတဲ့ ကျားအသား၊ အစွယ်နဲ့ အရေခွံတွေဟာ သူ့အိမ်မှာ အသတ်ခံရတဲ့ ကျားတွေလို့ ယူဆနေတာဖြစ်ပါတယ်။
အိမ်ပိုင်ရှင် Sia Tong ကတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က သူ့မိတ်ဆွေတဦးက သူ့ကို ကျား ၂ကောင် ပေးလိုက် တာဖြစ်ကြောင်း၊ ထိုကျား ၂ကောင် နောက်ထပ် ၂ကောင်ပေါက်ကြောင်း ရှင်းလင်းခဲ့ပါတယ်။
ရဲအရာရှိ Sansern Siripan က “Sia Tong က ဒီကျားတွေကို သူလက်ခံရယူခဲ့ရာမှာ ဘာရည်ရွယ် ချက်မှ မရှိဘူး၊ စုံစမ်းစစ်ဆေးမှုတွေကိုလည်း သူ့အနေနဲ့ ကူညီဆောင်ရွက်မယ်”လို့ ဆိုကြောင်း ပြောပါတယ်။
ဒါပေမယ့် အာဏာပိုင်တွေကတော့ Sia Tong ရဲ့ ကျား ၄ကောင်ရဲ့ DNA နဲ့ ကျားကျောင်းကနေ ပြောင်းရွေ့လိုက်တဲ့ ကျား ၁၃၇ ကောင်ရဲ့ DNA ကို တိုက်ဆိုင်စစ်ဆေးနေပြီး ၊ သူ့ပြသတဲ့ စာရွက် စာတမ်းတွေကိုလည်း တရားဝင်ဟုတ်မဟုတ် စစ်ဆေးနေပါတယ်။
စစ်ဆေးချက် အပေါ်မူတည်ပြီး ပြည်ပက တရားမဝင်တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်နေသူတွေ ဆက် စပ်မှုရှိနေတာကို တွေ့ရှိရင်တော့ ဒီအမှုကို ထိုင်းဘုရင့်ရဲတပ်ဖွဲ့က ကန်ချနဘူရီ ရဲတပ်ဖွဲ့ထံမှ လွဲပြောင်း ယူကာ စစ်ဆေးမယ်လို့ သိရပါတယ်။
Tiger Temple(ကျားကျောင်း)မှ ကျားပေါက် အသေ ကောင်ရေ ၄၀နဲ့ တခြားသော တောရိုင်း တိရိစ္ဆာန်တွေ တွေ့ရှိပြီးတဲ့နောက်မှာ နိုင်ငံတဝှမ်း ကျားနဲ့ ပတ်သက်တဲ့ တိရိစ္ဆာန်ရုံ ၃၀ ခန့်နဲ့ တခြား တောရိုင်းတိရိစ္ဆာန်ရုံတွေကို စစ်ဆေးဖို့ ဒုတိယရဲဲချုပ်် Chalermkiat Sriworakhan က သူ့ရဲ့ ရဲအရာရှိတွေကို ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ တပတ် ကျားကျောင်းကို ရှာဖွေရာမှာ ကျားကျောင်းနဲ့ တရားမဝင် တောရိုင်း တိရိစ္ဆာန်ရောင်းဝယ်သူတွေ အကြား ကျားသားဖောက်ပြီး လဲလှယ်မယ့် စာရွက်စာတမ်း မိတ္တူတွေကို သိမ်းဆည်းရမိခဲ့ပြီး၊ ဒီသဘောတူညီချက်မှာ ကျားကျောင်း ဘုန်းကြီး လုံတာချန်နဲ့ လာအိုကလူတွေ လက်မှတ်ရေးထိုးထားတဲ့အတွက် ကျားကျောင်းဟာ တရားမဝင် တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်ရေးမှာ ပတ်သက်နေတယ်လို့ အာဏာပိုင်တွေက ယူဆနေတာဖြစ်ပါတယ်။
ဆက်စပ်သတင်း
ကျားသတ်ရုံဟု ယူဆရသည့် အိမ်တလုံး Tiger Temple အနီးတွေ့ရှိ
ကျားသားရေ နဲ့ လုပ်ထားတဲ့ အဆောင်လက်ဖွဲ့များ Tiger Temple မှ သိမ်းဆည်းရမိပြန်
Tiger Temple အတွင်းမှ ကျားပေါက်အသေများနှင့် တိရိစ္ဆာန်အစိတ်အပိုင်းများ တွေ့ရှိ
ကျားသေများတွေ့ရှိမှု အရေးယူရန် ထိုင်းအာဏာပိုင်များ လုပ်ဆောင်
Tiger Temple က ကျားတွေ ရွေ့ပြောင်းမှု စတင်