သတင်း

စစ်ကိုင်း ရုပ်ရှင်ရုံ ပြန်လည်ဆောက်လုပ်ရန် တွန်းအားပေးနေ

This article has been converted from Zawgyi One to Unicode

စစ်ကိုင်းမြို့တွင် ရှိသည့် ဇေယျာသီရိရုပ်ရှင်ရုံကို   အဆင့်မြင့်ရုပ််ရှှှင်ရုံငယ် တရုံ ပြန်လည် ဆောက်လုပ်ပေးရန် သက််ဆိုုင်ရာ ကုမ္ပဏီ ကို တွန်းအားပေးနေကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ဦးအေးကျော်က ပြောသည်။

စစ်ကိုင်းမြို့တွင် တရုံတည်းသာ ရှိသည့် ဇေယျာသီရိရုပ်ရှင်ရုံကို မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၂၀၁၃ ခုနှစ်က စူပါ ကော်ဖီမစ်ကုမ္ပဏီမှ ဝယ်ယူထားခဲ့သော်လည်း ယနေ့အချိန်ထိ အဆင့်မြင့်ရုပ်ရှင်ရုံငယ် တရုံကို ပြန်လည်တည်ဆောက်ပေးခြင်း မရှိသေးဘဲ ဂိုထောင်အဖြစ် အသုံးပြုနေလျက်ရှိသည်။

ဝယ်ယူခဲ့စဉ်က စည်းကမ်းချက်များအရ ကုမ္ပဏီ အနေဖြင့် အဆင့်မြင့် ရုပ်ရှင်ရုံငယ် တရုံ ပြန်လည် ဆောက်လုပ်ပေးရမည်ဖြစ်သည့် အတွက် ယခုနှစ်အတွင်း ပြန်လည် ဆောက်လုပ်ပေးရန် တွန်းအားပေးနေရကြောင်း သိရသည်။

“အပြီးရောင်းချပြီးဖြစ်တဲ့ ရုပ်ရှင်ရုံတွေကို ၂၀၁၆- ၁၇ဘဏ္ဍာနှစ်မှာ အပြီးလုပ်ဆောင်သွားဖို့ တိုက်တွန်း နေပါတယ်၊ ရုပ်ရှင်တွေနဲ့ပတ်သက်တာကိုတော့ ရုံးချုပ်ကနေ တိုက်ရိုက်ကိုင်တွယ် လုပ်ဆောင်နေပါတယ်၊ ဇေယျာသီရိရုပ်ရှင်ရုံကို ဝယ်ယူထားတဲ့ ကုမ္ပဏီကို တွန်းအားပေးနေပေမယ့် တုံ့ပြန်မှု မရသေးဘူး” ဦးအေးကျော်က ပြောသည်။

ဆက်လက်၍ ၎င်းက “အပြီးရောင်းချခဲ့တာဆိုပေမယ့် ဝယ်ယူသူတွေက အနည်းဆုံး လူ ၂၀၀ လောက်ဆံ့တဲ့ ရုပ်ရှင်ရုံတရုံကို ထည့်သွင်းပြီး အခြားစီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြရပါမယ်။ ဒီလိုကတိမျိုးနဲ့ ရောင်းချပေးခဲ့တာဖြစ်တာကြောင့် ဝယ်ယူသူတွေက ရုပ်ရှင်ရုံတရုံကို မဖြစ်မနေ ပြန်ပြီးပြုလုပ်ပေးကြရမှာပါ၊ အကယ်၍ ဝယ်ယူသူတွေက ရုပ်ရှင်ရုံမပါဘဲ အခြားစီးပွားရေးကို လုပ်မယ်ဆိုရင် ကျနော်တို့က ပြန်ကြားရေးဝန်ကြီးဌာနကို ပြန်လည်တင်ပြပြီး မြန်မာနိုင်ငံ ပုဂ္ပလိကပိုင် ပြုလုပ်ရေးကော်မတီရဲ့ခွင့်ပြုချက်နဲ့ လိုအပ်သလို အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားမှာပါ” ဟု ရှင်းပြသည်။

စစ်ကိုင်းမြို့လူထုကလည်း ၎င်းတို့၏ စိတ်အပန်းဖြေနိုင်ရန်အတွက် မြို့ပေါ်တွင် ရုပ်ရှင်ရုံတရုံ ရှိသင့်သည်ဟု  ပြောဆိုမှုများရှိသည်။

ဇေယျာသီရိ ရုပ်ရှင်ရုံဟောင်းကို ဝယ်ယူထားသည့် စူပါကော်ဖီမစ် ကုမ္ပဏီသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိဘဲ ဖုန်းချသွားခဲ့သည်။

စစ်ကိုင်းမြို့ရှိ ဇေယျာသီရိရုပ်ရှင်ရုံကို ၁၉၇၅ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်တွင် ရုပ်ရှင်ဇာတ် ကားများကို စတင်ပြသနိုင်ခဲ့ကာ ပထမဦးဆုံးပြသသော ရုပ်ရှင်ဇာတ်ကားမှာ “မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ”  ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခင်က ရုပ်ရှင်ရုံပေါင်း ၃၀၀ ခန့်အထိ ရှိခဲ့ရာမှ လက်ရှိတွင် နိုင်ငံပိုင် ရုပ်ရှင်ရုံ ၂၇ ရုံ၊ ပုဂ္ပလိကပိုင်ရုံ ၃၁ ရုံ၊ အပြီးရောင်းချပြီးသော်လည်း ပြသဆဲရုံ ၇၈ ရုံ ကျန်ရှိကြောင်း  သိရသည်။

Loading