ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်၌ ဧရာဝတီမြစ်ဖြတ် တူးမြောင်း စီမံကိန်း ဆောက်လုပ်ခဲ့ရာ စီမံကိန်းပြီးစီးချိန်၌ ထောက်ပံ့မည်ဆိုသော တရုတ်နိုင်ငံမှ ကူညီငွေ မရရှိတော့သည့်အတွက် ငွေကျပ် ၅.၅ ဘီလီယံ ပေးချေရန် အခက်အခဲဖြစ်နေကြောင်း ဟင်္သာတခရိုင် ဆည်မြောင်း ဦးစီးဌာန က ပြောသည်။
ယခင်အစိုးရလက်ထက် တရုတ်နိုင်ငံသို့ သမ္မတဦးသိန်းစိန် ချစ်ကြည်ရေးခရီး သွားရောက်စဉ်တွင် မြန်မာနိုင်ငံ၏ သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ ကူညီရန် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတ ဦးသိန်းစိန်တို့ သဘောတူညီခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဇလွန်မြို့နယ်တွင် ဖောက်လုပ်သည့် ဧရာဝတီမြစ်ဖြတ် တူးမြောင်းကိုလည်း တရုတ်၏ ကူညီငွေဖြင့်ဖောက်လုပ်ရန် ပြည်ထောင်စု အစိုးရက ဆုံးဖြတ်ခဲ့ပြီး အမျိုးသား သဘာဝဘေး စီမံခန့်ခွဲရေး ကော်မတီ ရန်ပုံငွေထဲမှ ကျပ် ၂ ဘီလီယံ ချေးယူ၍ စီမံ ကိန်း စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် တရုတ်နိုင်ငံကကူညီငွေများ ပေးအပ်ခြင်းမရှိသည့်အတွက် တင်ဒါအောင် ကုမ္ပဏီများ နှင့် လုပ်ငန်းရှင်များအား ငွေပေးချေရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဟင်္သာတခရိုင် ဆည်မြောင်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသာယာ က ဧရာဝတီကို ပြောပြသည်။
“တရုတ်နိုင်ငံက ကူညီပေးမယ်ဆိုပြီးတော့ ဒီစီမံကိန်းကို လုပ်ခဲ့တာ။ စီမံကိန်း လုပ်နေတုန်းမှာလည်း သူတို့တွေ (တရုတ်အစိုးရ) လာ စစ်တယ်။ နောက်ပိုင်းကျတော့ တရုတ်နိုင်ငံ ပေါ်လစီအရ လုပ်ပြီးသားနဲ့ လုပ်ဆဲဆိုရင် မပေးဘူး။ မလုပ်ရသေးတာဘဲ ပေးမယ် ဆိုတာတွေ ဖြစ်ကုန်ပြီး ကူညီငွေတွေ မပေးတော့ဘူး။ ဒီစီမံကိန်းက တရုတ်က ကူညီမှာဆိုပြီး ဘတ်ဂျတ်ထဲမှာလည်း ထည့်မဆွဲထား ဘူး။ ရန်ပုံငွေထဲမှာလည်း လျာထားတာ မရှိဘူး။ အဲဒီတော့ ကျနော်တို့မှာ ဘယ်လိုမှ မရှင်းတတ်ဘူး ဖြစ်ကုန်တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ဇလွန်၊ ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင် စသည့်မြို့နယ်များတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကမ်းစားမှု များဖြစ်ပေါ်နေခြင်း၊ ရေတိုက်စားမှုကြောင့် အရှည်မိုင် ၇၀ ကျော်ရှိသော ဧရာဝတီ – ဟင်္သာတရေတားတမံ ပြိုကျပျက်စီးနိုင် သည့်အခြေအနေများမှ ကာကွယ် နိုင်ရန်အတွက် စီမံကိန်းရေးဆွဲ၍ ဇလွန်မြို့နယ်၊ ဒေါင့်ကြီးရွာ အထက်နားမှ အကျယ်ပေ ၅၀၊ အနက်ပေ ၄၀ နှင့် အရှည် ၅.၂၅ မိုင်ရှိသည့် ဝါသလ – ဒေါင့်ကြီး မြစ်ဖြတ် တူးမြောင်း ဖောက်လုပ်ကာ ရေလမ်းကြောင်း လွှဲခဲ့ခြင်းဖြစ်ကြောင်း ဟင်္သာတခရိုင် ဆည်မြောင်း ဌာန က ပြောသည်။
အဆိုပါစီမံကိန်းအား စက်ယန္တရားအစီးရေ ၃၆၀ ဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖောက်လုပ်ခဲ့ရာ ဧပြီလတွင် ၉၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီး ကုန်ကျငွေအနေဖြင့် မြေယာလျော်ကြေးငွေ ကျပ် ဝ.၇ ဘီလီယံ၊ တူးမြောင်း ဖောက်လုပ်ရာတွင် ကုန်ကျစရိတ် ၄.၈ ဘီလီ ယံ၊ ကမ်းထိန်းခြင်းနှင့် ပန်းတာတည်ဆောက်ခြင်း လုပ်ငန်းများအတွက် ၂ ဘီလီယံ၊ စုစုပေါင်း ၇.၅ ဘီလီယံ ကုန်ကျကြောင်း ဟင်္သာတခရိုင် ဆည်မြောင်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ထိုသို့ ငွေပေးချေရန် အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းမှတဆင့် နေပြည်တော်ရှိ ဆည်မြောင်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ထံ အကူအညီ တောင်းခံခဲ့ရာ ဆည်မြောင်းဌာန၏ တာတမံ တောင့်တင်း ခိုင်မာရေး ရန်ပုံငွေနှင့် အထူးပြင်ဆင်ရေး ရန်ပုံငွေထဲမှ ကျပ် ၂ ဘီလီယံ ထပ်မံသုံးစွဲခွင့် ရရှိသည့်အတွက် တင်ဒါ ပစ္စည်း တင်သွင်းခဲ့သည့် လုပ်ငန်းရှင်ငယ်များကို ငွေပေးချေနိုင်ခဲ့သော်လည်း လုပ်ငန်းရှင်ကြီးများနှင့် ကုမ္ပဏီများသို့ ပေးချေရန် အကြွေး ၃.၅ ဘီလီယံ ဆက်လက်ကျန်ရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။
“ငွေပေးချေဖို့ကျန်တာက ၃.၅ ဘီလီယံဆိုပေမယ့် အမျိုးသား သဘာဝဘေး စီမံခန့်ခွဲရေး ရန်ပုံငွေကနေ ၂ ဘီလီယံ ချေးထားတဲ့ငွေက လည်း ပြန်ဆပ်ရမှာမို့လို့ ကြွေးကျန် စုစုပေါင်းပမာဏက ၅.၅ ဘီလီယံဖြစ်နေတယ်”ဟု လက်ထောက် ညွန်ကြားရေးမှူး ဦးသာယာ က ပြောသည်။
လတ်တလောတွင် ကုမ္ပဏီများဘက်မှ ငွေတောင်းခံလာခြင်း မရှိသေးကြောင်း၊ တောင်းခံလာပါကလည်း ပေးစရာမရှိကြောင်း ဧရာဝတီတိုင်း ဆည်မြောင်းဌာန ညွန်ကြားရေးမှူး ဦးဖြိုးမြင့်ကလည်း ပြောဆိုသည်။
“လတ်တလောမှာတော့ ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေဘက်က ငွေတောင်းခံတာမျိုးတွေတော့ မရှိသေးပါဘူး။ သူတို့တွေလည်း နားလည်ပေးကြပါတယ်။ ပြီးတော့ ငွေတောင်းလာလည်း ကျနော်တို့က ပေးနိုင်တဲ့ဌာန မဟုတ်ဘူးလေ။ အထက်ရုံးတွေက ဒီကိစ္စကို စဉ်းစားကြပါလိမ့်မယ်”ဟုလည်း ၎င်းက ပြောသည်။
ဝါသလ – ဒေါင့်ကြီး ဧရာဝတီမြစ်ဖြတ်တူးမြောင်းနှင့် ရေပန်းတာတည်ဆောက်ခြင်းလုပ်ငန်း၊ မြစ်ကမ်းပါး ထိန်းသိမ်းခြင်း လုပ်ငန်းများ ကို ဟင်္သာတခရိုင် ဆည်မြောင်းဌာန၊ တည်ဆောက်ရေး – ၁၊ တည်ဆောက်ရေး – ၉ နှင့် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်များမှ ဆည် မြောင်း ဝန်ထမ်းများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အတွင်း၌ ယမန်နှစ် စက်တင်ဘာလ ရေကြီးရေလျှံမှုများ ဖြစ်ပွားချိန်တွင် သမ္မတ ဦးသိန်းစိန် လာရောက်ခဲ့ပြီး အရှည် ၇၃ မိုင်ကျော်ရှိသည့် ဧရာဝတီတိုင်းအတွင်းရှိ တာတမံများအားလုံးကို ၅ ပေ မြှင့်တင် ရန် ညွှန်ကြားမှုများ ရှိခဲ့သည်။
အဆိုပါညွန်ကြားချက်အရ ဆည်မြောင်းဌာနက ဧရာဝတီတိုင်းအတွင်းရှိ တာတမံများအားလုံးကို မြှင့်တင်ရန် ဒီဇိုင်းနှင့် ကုန်ကျငွေများ အကြမ်းဖျင်း တွက်ချက်ထားပြီး ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့ငွေ မရရှိသည့်အတွက် ယင်းစီမံကိန်းကိုလည်း လုပ်ဆောင်နိုင်ခြင်း မရှိတော့ကြောင်း ဟင်္သာတခရိုင် ဆည်မြောင်းဌာနက ပြောသည်။
“ကျနော့်အမြင်ကတော့ ဒီလုပ်ငန်းမှာ အသုံးပြုထားခဲ့တဲ့ ငွေတွေကို နိုင်ငံတော်အဆင့်ကနေ ပြန်စဉ်းစား ပေးသင့်တယ်လို့တော့ ထင် တယ်။ လွှတ်တော်မှာ တင်ပြပြီး လာမယ့်နှစ် ဘတ်ဂျက်မှာ ပြန်ထည့်ပေးလို့ ရမလားပေါ့နော်။ ဘာလို့လဲ ဆိုတော့ ရေတိုက် စား မှုကြောင့် ဧရာဝတီ – ဟင်္သာတရေတားတမံ သာ ကျိုးပေါက်ခဲ့မယ်ဆိုရင် လူပေါင်း သိန်းနဲ့ သန်းနဲ့ချီ ဒုက္ခရောက်မယ်။ ထိခိုက်ပျက်စီးမှု များနိုင် တယ်။ အဲဒီလိုမဖြစ်အောင် ဒီမြစ်ဖြတ်တူးမြောင်းက ရေစီးကြောင်းပြောင်းပေးလိုက်တာ”ဟု ဟင်္သာတခရိုင် ဆည်မြောင်းဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသာယာက ပြောဆိုသည်။