ဆွီဒင်နိုင်ငံသည် လာမည့် ၄ နှစ်အတွင်း မြန်မာနိုင်ငံ၏ ကျား၊မ ရေးရာညီမျှမှုနှင့် အမျိုးသမီးများ အကြမ်းဖက်မှုမှ တားဆီးကာကွယ်နိုင်ရေး လုပ်ဆောင်မှုများတွင် ထောက်ပံ့ကူညီပေးသွားမည် ဖြစ်ကြောင်း ဆွီဒင်အစိုးရက ပြောသည်။
ဆွီဒင်နိုင်ငံတွင် မကြာသေးခင်က ရေးဆွဲအတည်ပြုလိုက်သည့် ၂၀၁၆-၂၀၂၀ ခုနှစ်အတွက် အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းတွင် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) နှင့် တဆက်တည်း ချခဲ့သည့် ဆက်စပ် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံသည် ပဋိပက္ခဖြစ်ပွားနေသော (သို့မဟုတ်) ပဋိပက္ခလွန် အထူးဦးစားပေး ၁၂ နိုင်ငံ အနက် ၁ နိုင်ငံအဖြစ် ဖော်ပြခံခဲ့ရသည်။
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နှင့်အတူ အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် အခြားသော အကြမ်းဖက်ခံရမှုများကို ပဋိပက္ခဖြစ်ပွားသော နေရာများတွင် ကာလရှည်စွာ ခံစားခဲ့ရသည်။ တိုင်းပြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပူးပေါင်းပါဝင်မှုကို ကြီးမားစွာ ကန့်သတ်ခံနေရပြီး အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက ဆွေးနွေးညှိနှိုင်းမှုများတွင် တရားဝင် ပါဝင် ဆောင်ရွက်ခွင့်ရသော အမျိုးသမီး အနည်းစုမှာလည်းအမျိုးသားများနှင့် တန်းတူပြောဆိုခွင့် မရကြောင်း ပြောသည်။
မေလအစောပိုင်းက ရေးဆွဲခဲ့သော ဆွီဒင်နိုင်ငံ၏ အမျိုးသားအဆင့် စီမံကိန်းတွင် တိုင်းပြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့် နိုင်ငံတည်ဆောက်ရာတွင် အမျိုးသမီးများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ၎င်းတို့ကို ထိခိုက်နစ်နာခြင်းမှ ကာကွယ်ရန် အဓိကထားခဲ့သည်။ အမျိုးသားအဆင့် စီမံကိန်းမှ အကောင်အထည်ဖော်မည့် ၂၀၀၀ ခုနှစ် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ တညီတညွတ် တည်းသဘောတူ ဆုံးဖြတ်ခဲ့ကြသော ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) တွင် စစ်ပွဲများကြောင့် အမျိုးသမီးများအပေါ် ထိခိုက်နစ်နာမှု၊ ပဋိပက္ခဖြေရှင်းရာတွင် အမျိုးသမီးများ၏ အရေးပါမှုနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အမျိုးသမီးများ တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ရေးအတွက် အထူးအလေးထား ဆုံးဖြတ်ခဲ့သည်။
ဆွီဒင်နိုင်ငံ၏ အမျိုးသားစီမံကိန်းတွင် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အားလုံးတွင် ကျား၊မ ရေးရာ တန်းတူညီမျှရေး ရှုထောင့်မှ အလေးပေးချဉ်းကပ်ရန် ရေးဆွဲထားသည်။
“သတ်မှတ်ထားတဲ့ နိုင်ငံတွေမှာ ဦးစားပေးအလုပ်တွေ ဆောင်ရွက်ဖို့ ကျမတို့ ဆုံးဖြတ်ထားပါတယ်” ဟု Kvinna till Kvinna ဖောင်ဒေးရှင်း မှ Disa Kammars Larsson က ဧရာဝတီသို့ ပြောသည်။ Kvinna till Kvinna သည် ငြိမ်းချမ်းရေးနှင့် ကျား၊ မတန်းတူညီမျှရေးကို အဓိကထား ဆောင်ရွက်နေသော ဆွီဒင်နိုင်ငံမှ ဖောင်ဒေးရှင်း တခုဖြစ်ပြီး အမျိုးသားအဆင့် စီမံကိန်းကိုရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
ယခု ၂၀၁၆-၂၀၂၀ အမျိုးသား စီမံကိန်းသည် ဆွီဒင်နိုင်ငံ၏ ပြီးခဲ့သည့် အမျိုးသားအဆင့် စီမံကိန်းနှစ်ခုနှင့် မတူဘဲ အကောင်အထည်ဖော်ရာတွင် ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပါဝင်ပြီး နိုင်ငံရေးဆုံးဖြတ်ချက် ပိုမိုပါဝင်သည့်အတွက် မြန်မာနိုင်ငံနှင့် အခြားဦးစားပေး နိုင်ငံများကို အမျိုးသမီးများ အခွင့်အရေးအတွက် တိုက်တွန်းပြောဆိုရာတွင် ပိုမို ထိရောက်နိုင်သည်ဟု Disa Kammars Larsson ကပြောသည်။
“နိုင်ငံရေးဆွေးနွေးပွဲတွေကို သေချာထည့်ထားတယ်။ ဆွီဒင်နိုင်ငံက သံတမန်တွေနဲ့ ဝန်ကြီးတွေက ဦးစားပေးနိုင်ငံတွေကို သွားရောက် လည်ပတ်မယ်ဆိုရင် သူတို့အနေနဲ့ အမျိုးသမီးအရေးအတွက် တိုက်တွန်းပြောဆိုဖို့ တာဝန်ရှိသလို အဲဒီနိုင်ငံမှာရှိတဲ့ ဆွီဒင်သံရုံးကလည်း လုပ်ငန်းတိုးတက်မှု အခြေအနေကို နှစ်စဉ် ဆွီဒင်ကို ပြန်ပြီးအစီရင်ခံဖို့ တာဝန်ရှိပါတယ်” ဟု Disa Kammars Larssonက ပြောသည်။
အမျိုးသားအဆင့် စီမံကိန်းအရ မြန်မာနိုင်ငံရှိ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများနှင့် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း သူကပြောသည်။
ရှမ်းပြည်နယ်မှ အမျိုးသမီးအခွင့်အရေးနှင့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်သော ဒေါ်သန္တာဦးက နိုင်ငံတကာ အသိုင်းအဝိုင်းကို အောက်ခြေအဆင့်တွင် အမျိုးသမီးအရေးနှင့် ငြိမ်းချမ်းရေး ကိစ္စများကို လုပ်ဆောင်နေသည့် အမျိုးသမီးများအား ထောက်ပံ့ရန်နှင့် ထိုသို့ လှုပ်ရှားဆောင်ရွက်မှုများကို မြင့်တင်ပေးရန်အတွက် တိုက်တွန်းခဲ့သည်။
အဆိုပါ အမျိုးသားအဆင့် စီမံကိန်းတွင် မြန်မာနိုင်ငံသည် အာရှမှ အာဖဂန်နစ္စတန်၊ အရှေ့အလယ်ပိုင်းမှ အီရတ်၊ ပါလက်စတိုင်း၊ ဆီးရီးယား၊ လက်တင်အမေရိကန်မှ ကိုလံဘီယာ၊ အာဖရိကမှ ကွန်ဂို၊ လစ်ဗျား၊ မာလီ၊ ဆိုမားလီးယားနှင့် ဥရောပနိုင်ငံမှ ဘော့စနီးယား-ဟာဇီဂိုးဗီးနား၊ ယူကရိန်းတို့နှင့် အတူ သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။
အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုရန်
Sweden Lends Women of Burma Its Support (http://www.irrawaddy.com/burma/sweden-lends-women-of-burma-its-support.html)