တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရ “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁)” အဖွဲ့တို့ကြား နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို ပြန်လည်သုံးသပ် ဆွေးနွေးနေကြသည်။
အဆိုပါဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံး ယခင် MPC ရုံးဟောင်းနေရာတွင် ပြုလုပ်လျက်ရှိပြီး အစိုးရဘက်က အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့နှင့် အပစ်ရပ် ၈ ဖွဲ့ ကိုယ်စားလှယ်များ ဆွေးနွေးနေကြခြင်း ဖြစ်သည်။
ပဒိုစောကွယ်ထူးဝင်းက “အဓိကကတော့ ဆွေးနွေးတာထက် ကျနော်တို့ ဒီမူဘောင်နဲ့ပတ်သက်ပြီးတော့ အကုန်လုံး သဘောတူလို့ ရှိရင် ပေးနိုင်တဲ့ အနေအထားအပေါ်မှာ သုံးသပ်တာပေါ့။ ဘာမှ ဆုံးဖြတ်ချက်တော့ မချရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁)” အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ဒုဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားသည်။
နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် (Framework for Political Dialogue) ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဖိတ်ခေါ်ထားသည့် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ” မတိုင်ခင် အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များကြား ပြင်ဆင်ထားကြရမည် ဖြစ်သည်။
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အစိုးရနှင့် NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့်လည်း ဆွေးနွေး သုံးသပ်မှုများ ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းသို့ ဆွေးနွေးနိုင်ရန်အတွက် အပစ်မရပ်ရသေးသော အဖွဲ့များကို ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)” က ဖိတ်ကြားထား ကြောင်း သိရသည်။
“သူတို့ (အပစ် မရပ်သေးသည့် အဖွဲ့များ) ပါဝင်မယ် ဆိုလို့ရှိရင်တော့ လာမယ့် Review အတွက် အစုအဖွဲ့ထဲမှာ လာရမှာပေါ့။ တရားဝင် Review လုပ်မယ့်အဆင့်ရောက်ထိရောက်မှာပေါ့။ အခုကတော့ အလွတ်သဘောသုံးသပ်တာပဲ”ဟု ပဒိုစောကွယ်ထူးဝင်း က ပြောသည်။
ရန်ကုန်မြို့ရှိ NRPC ရုံးတွင် ဇွန်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သော ထိုညှိနှိုင်း အစည်းအဝေး၌ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အစိုးရ၊ အပစ်ရပ်အဖွဲ့တို့ အပြန်အလှန် တင်ပြဆွေးနွေးကြမည် ဖြစ်သကဲ့သို့ NCA မထိုးရသေးသော တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များ၏ သဘောထား အမြင်များကိုလည်း ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း အစည်းအဝေးမှတ် တမ်း အရ သိရသည်။
“ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ” အတွင်းရေးမှူး ဦးလှမောင်ရွှေက “ဖြစ်နိုင် ရင် ဇွန်လကုန်လောက်မှ ဒါမှမဟုတ် ဇူလိုင်လဆန်း နောက်ဆုံးထားပြီး Framework Review ကို စသင့်တယ်လို့ ထင်ပါတယ်။ Review ပြီးရင် ဆက်လက်ဆောင်ရွက်ရမယ့် အဆင့်တွေ ရှိနေသေးလို့ပါ”ဟု သူ၏ လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
ယခု အစည်းအဝေးကို တက်ရောက်ခဲ့ကြသည့် KNU၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့သည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် NCA လက်မှတ် ထိုးခဲ့ကြသည်။
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ယခင်အစိုးရလက်ထက်တွင် အပစ်ရပ် လက်မှတ်ထိုးထားသော ၈ ဖွဲ့၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများ ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ရေးဆွဲ ချမှတ်ခဲ့ခြင်းဖြစ်သည်။