ပြီးခဲ့သည့် သီတင်းပတ်က ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်တွင် ပလောင်အမျိုးသား သုံးဦး အသတ်ခံရပြီး နောက်ဆက်တွဲအဖြစ် ထိုဒေသတွင် နေထိုင်သော ရှမ်းနှင့် ပလောင် တိုင်းရင်းသားတို့အကြား လူမျိုးရေး အမုန်းပွားမှုများ ဆက်လက်ဖြစ်ပွားနိုင်နေသည်။
နမ့်ခမ်းမြို့သည် ရှမ်းနှင့် ပလောင်တိုင်းရင်းသားတို့ အများစု နေထိုင်ပြီး တရုတ်နိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်သော မြို့လည်း ဖြစ်သည်။ ထို့ပြင် ယင်းမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ် ၂ တပ်ဖြစ်သော တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S)တပ်ဖွဲ့တို့အကြား ပဋိပက္ခ ဖြစ်ပွားရာလည်း ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် နမ့်ခမ်မြို့အနီး တိုက်ပွဲများ စတင်ဖြစ်ပွားရာမှ နီးစပ်ရာ မြို့နယ်များသို့လည်း တိုက်ပွဲများ ပြန့်နံ့သွားခဲ့သည်။ ဖေဖော်ဝါရီလတွင် ကျောက်မဲမြို့နယ်၌ စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာ ဖြစ်လာခဲ့သည်။ ဇွန်လ ၁ ရက်နေ့တွင် ကြူဆိုင်းရွာမှ ပလောင်တိုင်းရင်းသားတဦးသည် လက်ဖက်ခြံ၏ မီးသွေးဖုတ်သည့်နေရာတွင် မိုင်းပေါက်ကွဲသဖြင့် သေဆုံးသွားခဲ့သည်။ ထိုပြင် ဇွန်လ ၃ ရက်နေ့တွင် မန်အောင်ကျေးရွာ အပြင်ဘက်၌ အသတ်ခံထားရသော အခြားအလောင်း၂လောင်းကိုလည်း တွေ့ရှိခဲ့သည်။
အဆိုပါ ပလောင်တိုင်းရင်းသား ၃ ဦး သေဆုံးမှုနှင့် ပတ်သက်၍ မည်သူ့တွင်တာဝန်ရှိသည်ကို မဖော်ထုတ်နိုင်သေးပါ။
နမ့်ခမ်း ဒေသခံ ပလောင်တိုင်းရင်းသားတဦးဖြစ်သော ဦးကျော်စိန်က နမ့်ခမ်းမြို့နယ် အစိုးရအာဏာပိုင်များ ထိုကိစ္စနဲ့ ပတ်သက်၍ ကူညီစုံစမ်းပေးခြင်း မရှိသလို လက်ဖက်ခြံထဲမှ လက်ကျန်မိုင်းတလုံးကိုလည်း ခြံသမားများ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဝါးလုံးနှင့်ထိုးကာ ကွဲအောင် လုပ်ယူခဲ့ရကြောင်း ဧရာဝတီသို့ ပြောသည်။
နမ့်ခမ်းမြို့နယ် တအာင်း အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကျော်က ၎င်းပါတီအနေဖြင့် ဖြစ်နေသောပြဿနာကို ဖြေရှင်းနိုင်ရန် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနသို့ အကူအညီတောင်းမည်ဟု ဧရာဝတီသို့ပြောသည်။ ထို့ပြင် ရှမ်းပါတီများနှင့်လည်း ပူးပေါင်းပြီး ပြဿနာကို ဖြေရှင်းရန် ကြိုးစားမည်ဟု ထပ်ပြောသည်။
SSA-S သည် သမ္မတဟောင်း ဦးသိန်းစိန်၏ အစိုးရနှင့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောညီမှု စာချုပ် အောက်တိုဘာလတွင် လက်မှတ်ရေးထိုးပြီးနောက် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ရှမ်းပြည်နယ်တောင်ပိုင်းမှ မြောက်ပိုင်းသို့ စေလွှတ်ပြီး နယ်မြေတိုးချဲ့လာခဲ့သည်။ နိုဝင်ဘာလတွင် TNLA နှင့် SSA-S တို့သည် နမ့်ခမ်းမြို့နယ်၌ ပထမဆုံး တိုက်ပွဲဖြစ်ပွားခဲ့သည်။
မြန်မာ့တပ်မတော်ဘက်က အကူအညီပေးသောကြောင့် မိမိတို့တပ်သားများ ရှမ်းမြောက်ဘက်သို့ ရောက်ရှိလာခြင်း မဟုတ်ကြောင်း SSA-S က ငြင်းဆိုနေခဲ့သည်။ သို့သော် ပလောင်လက်နက်ကိုင်ဘက်က လက်ရှိ ရှမ်းမြောက်တွင် ဖြစ်ပွားနေသော ပြဿနာ၏ နောက်ကွယ်တွင် မြန်မာ့တပ်မတော်က ပါဝင်နေကြောင်း စွပ်စွဲနေသည်။
မည်သို့ဆိုစေ လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခကြောင့် လူမျိုးမုန်းတီးမှုများ ရှိလာနေသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှမ်းလက်နက်ကိုင်ဘက်က ပလောင်လက်နက်ကိုင်များ ရှမ်းရွာများတွင် ဆိုးသွမ်းနေကြောင်း ပြောကြသလို ပလောင်လက်နက်ကိုင်ဘက်မှလည်း ရှမ်းတပ်ဖွဲ့များ ပလောင်ရွာသားများအား ဖမ်းဆီးနှိပ်စက်ကြကြောင်း ပြောနေကြသည်။
နမ့်ခမ်းတွင် လက်ရှိ ရှမ်းနှင့် ပလောင် ဖြစ်ပွားနေသော ပြဿနာများသည် လက်နက်ကိုင်နှစ်ဖက်စလုံးက လူမျိုးရေးကို လှုံ့ဆော် စည်းရုံး အသုံးချပြီး တဖက်နှင့် တဖက် အမုန်းပွားလာအောင် လုပ်ဆောင်နေကြောင်း ဦးထွန်းကျော်က ပြောသည်။
“ဒါက နှစ်ဖက်စလုံးပဲ လက်နက်ကိုင်တွေက အသုံးချလိုက်တာပဲ။ ကလေးတွေကို အသုံးချတယ်။ မျိုးချစ်ဆိုတဲ့ စကားလုံးကို သုံးပြီး တဖက်နဲ့တဖက် မုန်းတီးကြအောင် သုံးလိုက်တယ်။ ကလေးတွေက အသုံးချခံရတာကိုတော့ မသိကြဘူး” ဟု ဦးထွန်းကျော်က ဆိုသည်။
ထို့ပြင် “ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းတော့ နိုင်ငံရေးပါတီတွေ ပြီးတော့ စာပေနဲ့ ယဉ်ကျေးမှုနဲ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ ပြီးတော့ လူမူအဖွဲ့အစည်းထဲက ခေါင်းဆောင်တွေ အတူတူထိုင်ပြီး စကားပြောကြဖို့ လိုမယ်” ဟုလည်း ပြောသည်။
ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ နမ့်ခမ်းမြို့နယ် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် နန်းထွေးမှုံက ရှမ်းနှင့် ပလောင်နိုင်ငံရေးပါတီအဖွဲ့ဝင်များက ယခု လူများ အသတ်ခံရသည့်ကိစ္စကို အတူတကွ ဖြေရှင်းရန် ဆန္ဒရှိကြောင်း ပြောသည်။
“နမ့်ခမ်းက ပလောင်နိုင်ငံရေးပါတီ ဥက္ကဌရယ် ပြီးတော့ SNLD က ဥက္ကဌရယ် သူတို့ပါတီအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းချင်တယ်လို့ ကြားတယ်။ ဒါပေမယ့် အခုသတ်သွားတာက ဘယ်သူမှန်းတောင် မသိနိုင်တဲ့ အနေအထားဖြစ်နေပါတယ်” ဟု နန်းထွေးမှုံ ကပြောသည်။
ရှမ်းနဲ့ ပလောင်တို့ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့ကြကာ မည်သည့်ပြဿနာမျှ မရှိခဲ့ကြောင်း၊ သို့သော် လက်ရှိ လက်နက်ကိုင် လူမျိုးစု ပဋိပက္ခကြောင့် ဒေသခံများအကြား ဆက်ဆံရေး တင်းမာလာကြောင်း နန်းထွေးမှုံက ပြောသည်။
“လက်နက်ကိုင် ၂ ဖွဲ့စလုံး အတူထိုင်ပြီး ဆွေးနွေးကြရင် ကောင်းမယ် ထင်တယ။် ဒီလက်နက်ကိုင် ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့ပါ။ ကျမတို့မှာ နှစ်ပေါင်း ရာချီ ထောင်ချီ အတူနေလာခဲ့တဲ့ ပြည်သူတွေဟာ ပြဿနာ မရှိခဲ့ဘူး။ ဒီအချိန်မှာ ဒီလိုဖြစ်တယ်ဆိုတော့ စဉ်းစားစရာ တခုတော့ ရှိလာတာပေါ့။ ဘာကြောင့် ဒီလိုဖြစ်လာတာလဲ။ ကျမတို့က ငြိမ်းချမ်းရေးကို သွားနေတဲ့အချိန်မှာ ဒီလိုကြီးဖြစ်အောင် ဘာဖြစ်လို့ လုပ်နေကြတာလဲ” ဟု နန်းထွေးမှုံက ဆက်ပြီး ပြောသွားပါတယ်။