အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရမှသာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်နိုင်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုလိုက်သည်။
ဒုတိယအကြိမ် ပထမပုံမှန် အစည်းအဝေး ပြီးဆုံးသည့်နောက် နေပြည်တော်တွင် ပြုလုပ်ပေးသည့် ယနေ့ သတင်းစာ ရှင်းလင်ပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က “အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်လို့ အောင်မြင်မှ၊ ပြည်တွင်းငြိမ်းချမ်းရေး ရမှ ဒီဟာသွားလိုက်တာက တယောက်နဲ့ တယောက် ပိုပြီး နားလည်မှု၊ ယုံကြည်မှု၊ တယောက်နဲ့ တယောက် အပြန်အလှန် လေးစားမှုနဲ့ ဒီလုပ်ငန်းကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်စဉ်ကပင် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟူ၍ ကြွေးကြော်ခဲ့ရာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို နောက်ဆုံးသို့ ပို့ထားသည်မှာ အကြောင်း ရှိကြောင်း၊ တိုင်းပြည်တွင် တရားဥပဒေ စိုးမိုးပြီးနောက် အမျိုးသား ရင်ကြားစေ့ရေး လုပ်နိုင်မှသာလျှင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်နိုင်လိမ့်မည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောသည်။
“ဒါကြောင့်မိုလို့ ဒီသက်တမ်းမှာ လုပ်မယ်။ ပြင်မယ်လို့ ပြောချင်တယ်။ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး အမြန်ဆုံး ကြိုးစားပြီး လုပ်မယ်။ အတတ်နိုင်ဆုံး အမြန်ဆုံး ကြိုးစားပြီးတော့ မြန်မြန်ထက်ထက် လုပ်နိုင်လေ ကျနော်တို့ တိုင်းပြည် အကျိုးရှိလေဆိုတာ နားလည်တယ်” ဟု သူက ဆိုသည်။
သို့သော် NLD အစိုးရသစ်နှင့် တပ်မတော်၏ ဆက်ဆံရေးမှာ ရွေးကောက်ပွဲပြီးနောက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး တကြိမ်မျှ မခေါ်နိုင်သည်အထိ အေးစက်လျက်ရှိနေသည်။
“(ကာ/လုံ) အစည်းအဝေး တကြိမ်မှ မခေါ်သေးဘူး။ ကျနော်တို့က ခေါ်နိုင်တဲ့သူတွေ မဟုတ်ဘူး။ ခေါ်မှ သွားလို့ရမှာ”ဟု ဦးဝင်းမြင့်က ယနေ့တွင် မီဒီယာများသို့ ပြောသည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် သမ္မတ၊ ဒုသမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီချုပ်၊ ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ ပါဝင်သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာ ပြင်ချင်လွန်းလို့ ကျနော့် ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ တနိုင်ငံလုံး လှည့်ပြီး ဟောပြောနေတာပဲ။ ကျနော်လည်း ပြင်ချင်တာပေါ့။ သို့သော် ကိုယ့်စိတ်ဆန္ဒရှိတိုင်း လုပ်လို့ရတာရှိမယ် မရတာ ရှိမယ်။ လုပ်လို့ မရမှန်းသိလျက်သားနဲ့ လုပ်တော့လည်း ဘယ်လိုလုပ်ပြီးတော့ အကျိုးရလဒ်ရမလဲ” ဟု ဦးဝင်းမြင့်က မေးခွန်းထုတ်သည်။
ထို့ကြောင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အခြေအနေတခု ရရှိလာအောင် ကြိုးစားနေပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အရှိန်မြင့် ဆောင်ရွက်နေကြောင်း၊ ထိုအချိန်တွင် လွှတ်တော်ကလည်း ကိုယ်လုပ်ရမည့် အလုပ်များကို တပြိုင်တည်း ဆောင်ရွက်နေကြောင်း ဦးဝင်းမြင့်က ပြောသည်။