သတင်း

မြန်မာ့ပိုင်နက် ထိုင်း ကျူးကျော်ထားမှုကြောင့် ဘုရားသုံးဆူနယ်စပ်ဂိတ် ဖွင့်ခွင့်မပြုဟုဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာပိုင်နက်ထဲတွင် ထိုင်းနိုင်ငံက အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လမ်းဖောက်လုပ်ခြင်းများကြောင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို မြန်မာ အစိုးရ က ဖွင့်လှစ်ခွင့်မပြုကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

ထိုင်းအနေဖြင့် မြန်မာပိုင် နယ်မြေများကို အနုနည်းဖြင့် ရယူရန် ရည်ရွယ်ချက်ဖြင့် ဒေသဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေး တိုးမြှင့်ရေး ဆိုသည့် အကြောင်းပြချက်များ အသုံးပြုကာ ဘုရားသုံးဆူဒေသတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ရေး၊ နယ်ခြားဂိတ်အဆင့်မြင့်ရေးကို ၁၉၉၉ ခုနှစ်တွင် တကြိမ်၊ ၂၀၀၂ ခုနှစ်တွင် တကြိမ် ထိုင်းဘက်က တင်ပြလာခဲ့သော်လည်း မြန်မာဘက်က လက်ခံခြင်း မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က ဇွန်လ ၉ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။

မြန်မာအစိုးရ အနေဖြင့် ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ဖွင့်လှစ်ခွင့်ပြုလိုက်ပါက ထိုင်းနိုင်ငံ၏ ကျူးကျော်မှုကို အသိ အမှတ်ပြုရာ ရောက်နိုင်သဖြင့် ယင်းနယ်စပ်ဂိတ်ကို ဖွင့်လှစ်ခွင့်ပြုမည် မဟုတ်ဟု စီးပွား/ကူးသန်း ဝန်ကြီး က ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာပိုင်နက်ထဲသို့ ၃၆ မိုင်ခန့်အထိ ခိုးဝင်၍ ဘုရားသုံးဆူမြို့အနီးတွင် အဆောက်အအုံများ ဆောက်လုပ်ထားကြောင်း၊ ၂၀၀၇ ခုနှစ်တွင် ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဆင်းစစ်၍ ပြေလည်မှု မရသဖြင့် နယ်စပ်ဂိတ်ကို ပိတ်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် မြန်မာ နိုင်ငံခြားရေး ဒု ဝန်ကြီးကိုယ်တိုင် သွားရောက်စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောတင်ဝင်းက ဧရာဝတီသို့ ပြောသည်။

“အဲဒီဂိတ်က ပိတ်ထားတာကြာပြီ။ နယ်နမိတ်ပြဿနာကြောင့်ပေါ့။ ဒါပေမယ့် ဒေသခံတွေက အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ဒီဂိတ်ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာ သိချင်တယ်ဆိုလို့ ကျနော်က လွှတ်တော်မှာ မေးခွန်းတင်လိုက်တာ။ ဝန်ကြီးပြောပုံအရဆိုရင် ပြဿနာက တော်တော်နဲ့ ပြေလည်မှာ မဟုတ်သေဘူး”ဟု ဦးစောတင်ဝင်းက ပြောသည်။

သို့သော် ဇွန်လဆန်းပိုင်းတွင် ထွက်ရှိသည့် အစိုးရပိုင် The Global News Light of Myanmar သတင်းစာတွင်မူ ၂၀၂၀ ခုနှစ်၌ ယင်းဘုရားသုံးဆူဂိတ်ကို ပြန်ဖွင့်ရန် မျှော်မှန်းထားသည်ဟု ရေးကြောင်း ဦးစောတင်ဝင်းက ပြောသည်။

နယ်နမိတ်ဆိုင်ရာ အငြင်းပွားနေသည့် ဘုရားသုံးဆူဒေသသည် အင်္ဂလိပ်ကိုလိုနီခတ်ကပင် ထိုင်းနှင့် မြန်မာ အကြား အငြင်းပွားမှု ရှိခဲ့ကြောင်း၊ မြန်မာဘက်က မြန်မာပိုင်ဟု ပြောဆိုသကဲ့သို့ ထိုင်းနိုင်ငံကလည်း ထိုင်းအပိုင် ဟု ပြောဆိုလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။

“ဒီနေရာမှာ နယ်စပ်ဂိတ် ဖွင့်နိုင်မလားလို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို သဘောထားမှတ်ချက်တောင်းတဲ့အခါ ၂ နိုင်ငံကြားမှာ နယ်နမိတ် အငြင်းပွားမှုတွေ ရှိနေလို့ မဖြစ်နိုင်သေးဘူးလို့ အကြောင်းပြန်ပါတယ်။ ထိုင်းဘက်က ကျနော်တို့အပိုင်လို့ ပြောတဲ့နေရာမှာ အဆောက်အအုံတွေ ဝင်ဆောက်ထားတယ်။ အဆောက် အအုံပါပြီဆိုတော့ လမ်းတွေလည်း ပါမှာပေါ့။ ဘယ်အချိန်ကတည်းက ဆောက်တယ်ဆိုတာတော့ ကျနော်တို့ အတိအကျ မသိ နိုင်ဘူး”ဟု သူက ပြောသည်။

ထိုင်းနှင့် မြန်မာကြားတွင် နယ်နမိတ်ပြဿနာများက အမြဲတန်းလိုလို ရှိနေပြီး ထိုင်းနိုင်ငံက ထိုင်း-မြန်မာ နယ်စပ် မျဉ်းဖြစ်သည့် သောင်းရင်းမြစ် ၎င်းတို့ဘက်ကမ်းတွင် မြေထိန်းနံရံများ တည်ဆောက်နေသဖြင့် မြန်မာအစိုးရနှင့် အငြင်းပွားမှုများ ရှိနေကြောင်းလည်း ဦးခင်မောင်လွင်က ပြောသည်။

ဘုရားသုံးဆူ နယ်နိမိတ်ဒေသကို အင်္ဂလိပ်နှင့် ထိုင်းတို့က ၁၈၆၈ ခုနှစ် နယ်နိမိတ်စာချုပ်အရ တိုင်းတာ သတ် မှတ်ခဲ့ပြီး ၁၈၉၇ ခုနှစ်တွင် နှစ်နိုင်ငံ အနည်း ငယ်ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း၊ သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များ ကာလ၌ ဘုရားသုံးဆူဒေသကို မြန်မာနိုင်ငံ အစိုးရဘက်မှ နယ်မြေ စိုးမိုးမှု ပြန်လည်ရယူချိန်တွင် ထိုင်းဘက်မှ မြန်မာနိုင်ငံနယ်မြေများတွင် အဆောက်အအုံများ ဆောက်လုပ်ထားသည့် အပြင် အဝေးပြေး ကားလမ်းများကို မြန်မာပိုင်နယ်မြေအတွင်း ဖောက်လုပ်ခဲ့သည်ကို တွေ့ရှိရသည်ဟု စီးပွား/ကူးသန်း ဝန်ကြီး ဒေါက်တာသန်းမြင့်က လွှတ်တော်တွင် ပြောကြားသည်။

“နိုင်ငံတကာဥပဒေအရ အတိအကျ တိုင်းတာသတ်မှတ်မှု မပြုလုပ်ရသေးတဲ့နေရာမှာ နှစ်နိုင်ငံ ကုန်သွယ်ရေး စခန်းဖွင့်လိုက်ရင် လက်ရှိ နယ်နိမိတ်ကို အသိအမှတ်ပြုရာ ရောက်နိုင်တဲ့အတွက် မိမိပိုင်နယ်မြေတွေ ဆုံးရှုံး နိုင် ပါတယ်။ အခု ဘုရားသုံးဆူ အခြေအနေက အတိမ်းအစောင်းမခံဘဲ မိမိတို့ဘက်မှ နယ်မြေ ဆုံးရှုံးမှု ဖြစ်ပေါ် စေနိုင် တဲ့အတွက် ဘုရားသုံးဆူဒေသ အငြင်းပွား နယ်နိမိတ်ကို ရှင်းလင်းစွာဖြေရှင်းနိုင်မှ နယ်ခြား ကုန်သွယ်ဂိတ် ဖွင့်လှစ်လို့ရမှာပါ”ဟု ဒေါက်တာသန်းမြင့်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading