ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်အတွင်း၌ ချောင်းရေလျှံသည့်အတွက် ဘက်ရဲမြို့ပေါ် ရပ်ကွက်များနှင့် ဝဲကြီး၊ ရွှေပန်းတော၊ ကြံတော၊ ခုံကြီး၊ ကြက်ဆင်ရိုင်း၊ လဲခုံးစသည့် ကျေးရွာ ၁၀ ရွာ၌ ဇွန်လ ၁၁ရက်နေ့ နံနက်ပိုင်းက စတင်၍ ရေကြီး နစ်မြုပ်မှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
“ရေကြီးတာတော့ မနေ့က (ဇွန် ၁၁) မနက်ပိုင်းလောက်က စတာပေါ့။ အဓိကကတော့ ချောင်းရေလျှံလို့ ဖြစ်တာပါ။ ကျေးရွာအုပ်စု ၅ စုက ရွာ ၁၀ ရွာလောက် ရေကြီးမှုကြုံနေတယ်။ ရေဘေးဒုက္ခသည်က ၁၀၀ ကျော်လောက် ရှိတယ်။ ဒီနေ့တော့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ရေကြီးတဲ့ အခြေအနေ လာကြည့်ပြီး လိုအပ်တာတွေ ကူညီပေးပါတယ်” ဟု ကြံခင်းမြို့နယ် အမှတ် ၁ ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက ဧရာဝတီကို ပြောသည်။
ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရသည့် ဒေသခံများကို ကြံခင်းမြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့၊ ကြက်ခြေနီနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်နေပြီး ကြံခင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များက ဒေသခံများအား ထမင်းထုပ်များ ဝေငှပေးနေကြောင်း သိရသည်။