ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများကို မြန်မာအစိုးရ၏ ကြိုးစားအားထုတ် ဖြေရှင်းမှုများအပေါ် ကျေးဇူးတင်သလို ယင်းပြဿနာများ ဖြေရှင်းနိုင်ရန်အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ချင်ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ပြောသည်။
ယနေ့ နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် မြန်မာနှင့် တူရကီ နိုင်ငံခြားရေးဝန်ကြီး ၂ ဦး၏ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် တူရကီ နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပြည်ထောင်စု အစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ချင်ပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုလည်း အထောက်အပံ့ ပေးမှာပါ။ ဒီလိုဆောင်ရွက်နေတဲ့အတွက် ငြိမ်းချမ်းရေး၊ တိုးတက်ရေးတွေ မဖြစ်မနေ ရရှိလာမယ်”ဟု တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ပြောသည်။
ရခိုင်ပြဿနာကို ဖြေရှင်းရန် ကြိုးစားအားထုတ်မှုများအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင်များကို နိုင်ငံသား ရရှိရေး ဆောင်ရွက်နေသည့် အဆင့်အတွက် ကျေးဇူးတင်ကြောင်း၊ လွန်ခဲ့သည့် ၄ နှစ်က တူရကီသံရုံးကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ခဲ့ပြီး မြန်မာ နိုင်ငံ အနေဖြင့်လည်း တူရကီတွင် သံရုံး လာရောက်ဖွင့်လှစ်စေလိုကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
၎င်းက “မြန်မာ အစိုးရအနေနဲ့ ရခိုင်မှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင် လူမျိုးဘာသာ မခွဲခြားဘဲ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်’’ဟုလည်း အကြံပြုသည်။
တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu နှင့် အဖွဲ့သည် ယနေ့ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး ဒေသခံခေါင်းဆောင်များနှင့် စစ်တွေ လေဆိပ် တွင် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ခွဲခြားမှု မရှိဘဲ ၂ ဖက်လုံးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု သိရပြီး မွတ်စလင် ဘာသာဝင်များနှင့်အတူ ဝါဖြေသည့် (ဘုရားရှိခိုး) သည့် အစီအစဉ်တခုကိုလည်း ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။
“တူရကီ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (TICA) အနေနဲ့ ဒီနေ့အထိ ခွဲခြားမှုမရှိဘဲ အကူအညီတွေ ပေးနေတယ်။ TICA ကနေပြီးတော့ ဒေသ အာဏာပိုင် တွေဆီက စီမံကိန်းအသစ်တွေကို ထပ်ယူထားပါတယ်။ ဆေးခန်းတွေဖွင့်ဖို့နဲ့ အခြားလိုအပ်ချက်တွေ ဖြည့်ဆည်းတဲ့ အကူအညီတွေကိုလည်း ဆောင်ရွက်ဖို့ ရှိတယ်။ ဒီအကူအညီတွေကို တူရကီ အစိုးရကလည်း ကူညီမှာပါ။ ပြည်ထောင်စု အစိုးရနဲ့ ရခိုင်ပြည်နယ် အစိုးရက တောင်းဆိုတဲ့ အကူအညီတွေကိုပဲ လုပ်ပေးတာပါ”ဟု တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း“ရခိုင်မှာ အခြေအနေတွေ ပိုကောင်းအောင် လုပ်နေပါတယ်။ ဝန်ကြီးက ကျွန်မတို့ရဲ့ သိမ်မွေ့တဲ့ အခြေအနေကို နားလည်ပေးတာကို ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
တူရကီအနေဖြင့် မြန်မာနှင့် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃၈ မီလီယံ ရှိနေပြီး ယခုထက် ပိုမိုတိုးတက်စေချင်ကြောင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးနှင့် ခရီးသွားကဏ္ဍများတွင် တူရကီ၏ အတွေ့အကြုံများကို မြန်မာထံသို့ မျှဝေပေးချင်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကိုလည်း တူရကီနိုင်ငံသို့ ဖိတ်ခေါ်ကြောင်း၊ တူရကီ လေကြောင်းလိုင်းကိုလည်း မြန်မာပြည်သို့ ပျံသန်းလိုကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ သံတမန်ရေး ဆက်သွယ်မှုများ တိုးတက်အောင် တချိန်လုံး ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ပြည်ဝင်ခွင့် ဗီဇာနှင့် ပတ်သက်သည့် လုပ်ငန်းများကို ဖြေလျော့ပေးနေပြီး မြန်မာပြည်သို့ စီးပွားရေးအရ၊ မိတ်ဆွေဆက်ဆံရေးအရ လာချင်သည့် ပုဂ္ဂိုလ်များ လွယ်လွယ်ကူကူလာရောက်နိုင်ရန် စဉ်းစားနေသည်ဟု ပြန်လည် ပြောကြားခဲ့သည်။