တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ညီလာခံကို အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့ကြသော အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (သို့) ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက် ဆွေးနွေးချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများဘက်မှ ရပ်တည်ချက် တခုတည်း ထွက်ရှိနိုင်ရေးအတွက် ပူးပေါင်းပြီး ဆွေးနွေးတိုင်ပင်သွားရန် ဖြစ်သည်ဟု သိရသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က “ကျနော်တို့မှာလည်း နဂိုကတည်း က သဘောထား ရှိထားပြီးသားပဲ။ လုပ်သင့်တာကြာလှပြီ။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ပြန်ညှိရမှာပေါ့။ ဒါမှ ကျနော်တို့ တိုင်းရင်းသားတွေ ဘက်က အမြင်တခုတည်း ဖြစ်ဖို့အတွက်တော့ စုစည်းလို့ရမှာပေါ့။ နှစ်ဘက်စလုံးကတော့ အဆိုပြုထားတယ်။ ဟိုဘက်ကလည်း လုပ်ဖို့ သဘောထားကျလာတဲ့ အပေါ်မှာ ဆက်ညှိရမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ ကျင်းပမည့် နေရာနှင့် နေ့ရက်ကို အပစ်မရပ်သေးသော အဖွဲ့များနှင့် အပစ်ရပ် ထား သော အဖွဲ့များကြား ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အပစ်မရပ်ရသေးသော လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကတော့ ဇူလိုင်လထဲတွင် တွေ့ဆုံ ဆွေးနွေးဖြစ်ဖွယ်ရှိကြောင်း UNFC အထွေထွအတွင်းရေးမှူး ခူဦးရယ် က ပြောသည်။
ခူဦးရယ် က “အခုကတော့ အမြန်ဆုံး ဆုံတွေ့နိုင်ဖို့ ပြင်ဆင်နေတာပဲရှိသေးတယ်။ သူ့ဘက်ကိုယ့်ဘက် အားမယ့်အချိန်ကို ချိန်နေကြ တာနဲ့ပဲ မဆုံဖြစ်သေးဘူး။ ဆုံဖြစ်ရင်တော့ ဖြစ်မြောက်ဖို့အတွက်ကို ကျနော်တို့ စဉ်းစားကြမှာပေါ့။ အားလုံးပါဝင်နိုင်ဖို့ အတွက် အားလုံး ပါဝင်တဲ့ ကော်မတီတွေ ဖွဲ့ကောင်းဖွဲ့ဖြစ်လိမ့်မယ်။ ဒီလထဲမှာတော့ ဆုံဖြစ်ကြမယ် ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
UNFC အဖွဲ့ဝင်များ မဟုတ်သော အခြား အပစ်မရပ်ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ရက္ခိုင့် တပ် မတော် (AA) နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) တို့ကိုလည်း တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားသွားမည်ဟု နှစ်ဘက် ခေါင်းဆောင်များက ပြောဆိုကြသည်။
“တကယ်လို့များ ကျနော်တို့ UNFC က ခေါ်တယ်ဆိုတဲ့ဟာမျိုး အဆင်မချောဘူးဆိုလို့ရှိရင် အားလုံးပါဝင်နိုင်တဲ့ နည်းလမ်းကို ရှာကြံ ကြတာပေါ့။ ဒီလိုအခြေခံ စဉ်းစားချက်တွေလည်း ရှိပါတယ်”ဟု ခူဦးရယ် က ပြောသည်။
အပစ်ရပ် ၈ ဖွဲ့တွင် KNU၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ပအို့ဝ် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC)၊ ရခိုင်အမျိုးသား လွတ်မြောက်ရေး ပါတီ (ALP)၊ ချင်း အမျိုးသားတပ်ဦး (CNF) ပါဝင်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် NCA လက်မှတ်ရေးထိုးခဲ့ကြသည်။
အပစ်မရပ်ရသေးသော UNFC အဖွဲ့များထဲတွင် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်သည်။