မြန်မာနိုင်ငံတဝန်းရှိ ကလေးငယ်များအားလုံးများကို ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး (PCV)၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှစတင်၍ အခမဲ့ ထိုးနှံပေးတော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။
“ဇူလိုင်လ ၁ ရက်နေ့ထဲက စသုံးမှာပါ။ အခမဲ့ပါ။ ဒီနှစ်မှစတာပါ။ အခုဆို ကာကွယ်ဆေးအမျိုးအစား စုစုပေါင်း ၁၀ မျိုး ထိုး နှံပါပြီ။ PCV လည်း အပါအဝင်ဖြစ်ပါတယ်” ဟု ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ ကာ ကွယ်ဆေးထိုးလုပ်ငန်း ၏ စီမံကိန်း မန်နေဂျာ လည်းဖြစ် ၊ ဒုတိယညွှန်ကြားရေးမှူးလည်းဖြစ်သူ ဒေါက်တာထားထားလင်းက ဧရာဝတီသို့ ပြောသည်။
ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး(PCV)သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်စေနိုင်သော ပိုးအများစုကို ကာကွယ် ပေးပြီး ကလေးအသက် ၂ လ၊ ၄ လ ၊ ၆ လ အရွယ် တွင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ် ဆေး နှင့် အတူ ပြင်းထန်အဆုတ်ရောင် ရောဂါပိုး ကာကွယ်ဆေး (PCV) အသားဆေးများ ထိုးနှံရမည်ဖြစ်ကြောင်း၊ ကာကွယ် ဆေး ထိုးပြီးနောက် ဆေးထိုးထားသည့်နေရာတွင် အနည်းငယ်နီမြန်းခြင်း၊ နာကျင်ခြင်းများ၊ ဂျီကျခြင်း အိပ်ငိုက် ခြင်း၊ မစားချင်မသောက်ချင်ဖြစ်ခြင်း၊ အဖျားတက်ခြင်းသာရှိနိုင်ပြီး ပြင်းထန်သောဘေးထွက်ဆိုးကျိုးမရှိကြောင်း သိရှိ ရသည်။
နိုင်ငံတဝန်းရှိ လသားအရွယ် ကလေးငယ်များအားလုံး ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး ထိုးနှံရေးကို The Gavi Vaccine Alliance အဖွဲ့ က အဓိကကူညီပံ့ပိုးပေးထားပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြင်းထန် အဆုတ်ရောင် ရောဂါ ပိုး ကာကွယ်ဆေး အတွက် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ( ကန်ဒေါ်လာ ၁,၁၈၇,၇၃၅) ကို ၂၀၁၆ ခုနှစ် အတွက် ထည့်ဝင်ပေးထား ကြောင်း သိရသည်။
ပြင်းထန်အဆုတ်ရောင်ရောဂါနှင့်ဦးနှောက်အမြှေးရောင်ရောဂါသည် မြန်မာနိုင်ငံရှိ ကလေးငယ်များအား သေဆုံးခြင်းနှင့် မသန်စွမ်းသည့်အခြေအနေသို့ ရောက်ရှိသွားစေနိုင်သည့် အဓိအကြောင်းအရင်းတခုဖြစ်ကြောင်း၊ ယင်းကာကွယ်ဆေး ထိုးထား ခြင်းဖြင့် ကလေးငယ်များကို ယင်းရောဂါပိုးကြောင့်ဖြစ်ပွားနိုင်သည့် ပြင်းထန်အဆုတ်ရောင်ရောဂါကို ကာကွယ် နိုင်ကြောင်း သိရှိရသည်။
“ဒီပြင်းထန်အဆုတ်ရောင်ရောဂါက မြန်မာနိုင်ငံမှာ အရမ်းအဖြစ်များတယ်။ ၅ နှစ်အောက် ကလေး သေဆုံးမှုလည်းများ တော့ ဘယ်အချိန်မှာဒီရောဂါတွေနဲ့သေဆုံးမလဲလို့ စိုးရိမ်ကြောင့်ကြနေရမယ့်အစား ဒီဆေးလေးကိုထိုးပေးလိုက်တာဟာ ကလေး တွေအပေါ်မှာ မေတ္တာထားရာ ချစ်ရာရောက်ပါတယ်။ ဒီကာကွယ်ဆေး ပုဂ္ဂလိကဈေးကွက်တွေမှာရှိတုန်းက မိဘ တွေက လိုလိုလားလားထိုးကြတာကို တွေ့ရပါတယ်။ အခုဟာက အခမဲ့ တောင်ရတယ်ဆိုတော့ ပိုပြီးတန်ဖိုးထားပြီး လာထိုး သင့်ပါတယ်။ ဒါမှသားသမီးအပေါ် ချစ်ရာရောက်မှာပါ” ဟု ၎င်းက ပြောသည်။
ကာကွယ်ဆေးအသစ်ထိုးနှံသည့်နေ့တွင် ဗဟို၊ တိုင်းဒေသကြီးပြည်နယ်နှင့် မြို့နယ်အလိုက် ဖွင့်ပွဲအခမ်းအနားများကို ကာ ကွယ်ဆေးအသစ် စတင်ထိုးနှံခြင်းလှုပ်ရှားမှုတခုအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး PCVနှင့်ပတ်သက်သည့် အသိပညာ ပေးမှုများကို အများပြည်သူသိရှိစေရန် ကျန်းမာရေးဝန်ထမ်းများu မိဘအုပ်ထိန်းသူများနှင့်တွေ့ဆုံ၍ အသိပညာဖြန့်ဝေပေး ခြင်း၊ သတင်းမီဒီယာများအပါအဝင် တခြားအများပြည်သူဆက်သွယ်ရေးနည်းလမ်းများအသုံးပြုခြင်းတို့ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကြောင့် ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ သွေးတွင်ဘက်တီးရီး ယားအဆိပ်တက်ခြင်း၊ သွေးထဲတွင် ဘက်တီးရီးယားပိုးများ ဝင်ရောက်လှည့်ပတ်လျက် အခြားနေရာများတွင် ဆက်လက် ကူးစက် သောရောဂါများဖြစ်ခြင်း စသည့်ပြင်းထန်ရောဂါများနှင့် နားအလယ်ခန်းရောင်ခြင်း၊ နှာခေါင်းလေအိပ်ရောင်ခြင်း၊ လေပြွန် ရောင်ခြင်း စသည့် သာမန်ရောဂါများဖြစ်စေတတ်ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် အသက်(၅)နှစ်အောက် ကလေးတသိန်းတွင် (၁၀၀)မှ (၃၀၀)အထိ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် သေဆုံးသည်ဟု ခန့်မှန်းထားပြီး မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ၌ နိုင်ငံအဝန်းပြုလုပ်ခဲ့သော ငါးနှစ်အောက်ကလေးများ သေဆုံးမှုအကြောင်းရင်းလေ့လာမှု (Cause-specific under five Mortality Survey)အရ အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ခြင်းနှင့် ပြင်းထန်အဆုတ် ရောင်ရောဂါကြောင့် သေဆုံးမှု သည် ၁၂ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။