စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကျင်းပသည့် တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး အပါအဝင် လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ရေး အတွက် မူ ၅ ချက်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲကျင်းပရေး ဦးဆောင် ကော်မတီဝင် မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။
ဆွေးနွေးပွဲတွင် လူငယ်နှင့် ငြိမ်းချမ်းရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ လူငယ်နှင့် သဘာဝ ပတ်ဝန်းကျင်၊ လူငယ်ရေးရာ မူဝါဒတရပ် အကောင်အထည် ပေါ်လာရေးတို့ကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
မသဉ္ဇာရွှန်းလဲ့ရည်က “ကျမတို့ လူငယ်တွေမှာ လိုအပ်ချက်တွေရှိနေတယ်၊ လူကြီးတွေရဲ့ အမုန်းတရားတွေကို ခါးစည်းခံနေကြရ တယ်၊ ဒီလိုတွေ့ဆုံနိုင်မှုက ဒေသအသီးသီးက လူငယ်တွေကြား ယုံကြည်မှုတည်ဆောက်နိုင်ပြီး ငြိမ်းချမ်းရေး ပြန်တည်ဆောက် ရာ မှာ အလွန်အရေးပါပါတယ်”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ဆွေးနွေးပွဲ ကျင်းပရေး ဦးဆောင်ကော်မတီကို အရပ်ဘက် အဖွဲ့အစည်းများထဲက ပြန်လည်ရွေးချယ်ထားသည့် အဖွဲ့ဝင် ၅ ဦး ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ယခု တတိယအကြိမ် တွေ့ဆုံပွဲ၌ နိုင်ငံရေးအပြောင်းအလဲတွင် လူငယ်များကြုံတွေ့နေရသည့် စိုးရိမ်ပူပန်မှုများ၊ လူငယ်များ၏ ဆန္ဒများ ကို ဖော်ထုတ်၍ လူငယ်များ၏ အခန်းကဏ္ဍ ပိုမိုပေါ်လွင်လာစေရေး ဦးတည် ဆွေးနွေးပွဲများ ကျင်းပခဲ့ခြင်း ဖြစ်ပြီး တိုင်းနှင့် ပြည် နယ် အသီးသီးမှ လူငယ် ၄၉၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲအား ဇွန်လ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရရှိလာသည့် ဆွေးနွေးအကြံပြုချက်များကို အစိုးရထံတင်ပြ ၍ လူငယ်များ၏ လိုအပ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပေးရေးကိုလည်း တိုက်တွန်းသွားမည်ဖြစ်ကြောင်း တက်ရောက်လာသော လူငယ်များက ပြောဆိုကြသည်။
နှစ်စဉ် အလှည့်ကျစနစ်ဖြင့် ကျင်းပသည့် လူငယ်တွေ့ဆုံပွဲကို စတုတ္ထအကြိမ် အဖြစ် ရှမ်းပြည်နယ်တွင် ကျင်းပမည်ဖြစ်ပြီး ပဉ္စမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဧရာဝတီတိုင်း ဒေသကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ် ဆွေးနွေးပွဲကို မွန်းပြည်နယ် မော်လမြိုင်မြို့၌ ကျင်းပ ခဲ့သည်။
နောက်ကျင်းပမည့် ဆွေးနွေးပွဲများအတွက် ကျင်းပမည့်အချိန် နေ့ရက်ကို စီစဉ်ထားခြင်း မရှိသေးဘဲ လက်ရှိတွင် ဆွေးနွေးပွဲကို ၂ နှစ် လျှင် တကြိမ် ကျင်းပလျက် ရှိသည်။