ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် အတွင်း အမ်အိုင် ၂ အမျိုးအစား တပ်မတော်ရဟတ်ယာဉ် တစီး ပျက်ကျသဖြင့် ယာဉ် ပေါ်တွင် လိုက်ပါလာသူ ၃ ဦးလုံး သေဆုံးသွားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက် အရ သိရသည်။
တပ်မတော် ရဟတ်ယာဉ်ပေါ်တွင် ပါလာသည့် ရဟတ်ယာဉ်မှူး ဗိုလ်မှူး ရန်နိုင်ထူး၊ တွဲဖက်ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ထွန်းထွန်းနိုင်နှင့် ရဟတ်ယာဉ်အဖွဲ့သား တပ်ကြပ်ကြီး တင်ထွန်းလွင်တို့ အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရဟတ်ယာဉ်သည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့မှ မှော်ဘီမြို့သို့ ပျံသန်းလာစဉ် ဒိုက်ဦးမြို့နယ်အနီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၇၂ အနောက်ဘက်ခြမ်းရှိ ဂုံညှင်းချောင်းအနီး လျှိုအတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။
ယင်းရဟတ်ယာဉ်သည် မိတ္ထီလာမြို့ လေတပ်စခန်းဌာနချုပ်၌ အကြီးစား ပြင်ဆင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မြိတ်မြို့ရှိ လေတပ် စခန်းဌာနချုပ်သို့ ပို့ဆောင်ရန် ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် မိတ္ထီလာမြို့မှစတင် ထွက်ခွာလာ ခြင်း ဖြစ် ကြောင်း၊ ၎င်းမှတစ်ဆင့် နံနက် ၁၀ နာရီခွဲခန့်တွင် တောင်ငူလေတပ်စခန်းဌာနချုပ်၌ ဆီဖြည့်ရပ်နားခဲ့ပြီး နံနက် ၁၁ နာရီခွဲ တွင် မှော်ဘီမြို့သို့ ဆက်လက်ထွက်ခွာပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျ၍ မီးလောင်ပျက်စီးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
၂၀၁၀ ခုနှစ်၊ ဇွန်လကလည်း အမ်အိုင်-၂ အမျိုးအစား ရဟတ်ယာဉ်သည် ရှမ်းပြည်နယ် ပင်းတယ မြို့ပြင်တွင် တောင် ကိုဝင် တိုက် မိရာမှ ပျက်ကျမှုဖြစ်ခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် ဗိုလ်မှူးကျော်ကျော်ဝင်း၊ ဗိုလ်ကြီး ၂ ဦးနှင့် တပ်ကြပ် တဦး တို့ သေဆုံးခဲ့သည်။