သီပေါစော်ဘွားနှင့် ဇနီးဖြစ်သူ သြစတြီးယားသူတို့အကြောင်း ရိုက်ကူးထားသည့် “Twilight Over Burma” ရုပ်ရှင်ကို ဇွန်လ ၁၄ ရက်နေ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်တွင် မပြသရန် တားမြစ်ခြင်းမှာ “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်”စေနိုင်သောကြောင့်ဟု ရုပ်ရှင်ဆင်ဆာအဖွဲ့က ပြောဆိုသည်။
ထိုရုပ်ရှင်သည် ရှမ်းစော်ဘွား စပ်ကြာဆိုင်နှင့် ဩစတြီးယန်း ဇနီး Inge တို့အကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်သည်။ ၁၉၅၀ နှောင်းပိုင်းနှစ်များအတွင်း အမေရိကန်တွင် ပညာသင်ကြားစဉ် ဖူးစာဆုံခဲ့သော ဇနီးမောင်နှံတို့သည် ရှမ်းပြည်သို့ ပြန်လာပြီး ဖွံ့ဖြိုးရေးများ လုပ်နေစဉ် ၁၉၆၄ ခုနှစ်တွင် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက စပ်ကြာဆိုင်ကို ဖမ်းဆီးသွားခဲ့ရာက ပြန်ပေါ်မလာတော့ဘဲ ကွဲကွာသွားရသည်။
ယင်းဇာတ်လမ်းကို မူရင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဝတ္ထုမှာ အထူးထင်ရှားသည်။ သမ္မတ ဦးသိန်းစိန် လက်ထက် ဆင်ဆာရုပ်သိမ်းအပြီး မြန်မာဘာသာပြန် စာအုပ်များလည်း ပေါ်ထွက်ခဲ့သည်။
ဇွန်လ ၁၄ ရက် ညနေတွင် ရန်ကုန်မြို့လည် နေပြည်တော်ရုပ်ရှင်ရုံတွင် ကျင်းပသော လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်သို့ တက်ရောက်မိန့်ခွန်းပြောကြားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦးကလည်း ယင်းဝတ္တုကို ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ ချပြီး အချုပ်အနှောင်ခံရချိန်တွင် ဖတ်ဖူးထားပြီး ယခုရုပ်ရှင်ကို ကြည့်ရှုရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
သို့သော် ရုပ်ရှင်ပွဲတော်ကို ဦးစီးကျင်းပသူ ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးက ရုပ်ရှင်ဆင်ဆာအဖွဲ့က တားမြစ်ထားသောကြောင့် မပြသနိုင်တော့ကြောင်း ပရိသတ်ကို တောင်းပန်စကား ပြောဆိုခဲ့သည်။ ထို့ပြင် ရုပ်ရှင်ပွဲတော် စီစဉ်သူတဦးဖြစ်သည့် ဒေါ်မွန်မွန်မြတ်ကလည်း ရုပ်ရှင်ဆင်ဆာ၏ အကြောင်းကြားစာတွင် ရုပ်ရှင်သည် “တပ်မတော်၏ ပုံရိပ်ကို ဆိုးဝါးစေ”သောကြောင့် ပြသခွင့် မပြုကြောင်း ဆိုသည်။
ရုပ်ရှင်ဆင်ဆာ စိစစ်ရေးအဖွဲ့၏ ဒုဥက္ကဌဖြစ်သူ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်က အဆိုပါဇာတ်ကားသည် မြန်မာနိုင်ငံတွင် အမျိုးသားရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် မတည်မငြိမ်မှုများ ဖြစ်စေနိုင်သည့်အတွက် ပြသခွင့် မပြုခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“ဒီနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဖော်ဆောင်ဖို့အတွက် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ကျင်းပဖို့ ရှိတယ်ဆိုတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီကားကို ကြည့်တဲ့အခါမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်တဲ့ အနေအထားမျိုးတွေလည်း တွေ့ရပါတယ်။ နောက်ပြီးတော့ Hate Speech လို့ဆိုတဲ့ အမုန်းပွားမှုတွေလည်း ဖြစ်နိုင်တဲ့ အနေအထားမျိုးလည်း ရှိနိုင်တာပေါ့လေ” ဟု ဒေါက်တာသီတာတင်က ပြောသည်။
“အတိတ်က သူ့ရဲ့ (bitter experience) တွေဟာ အတွေ့အကြုံတွေဟာ အခုဒီမှာ တင်ဆက်တဲ့အတွက်ကြောင့် အနာဟောင်း ဖော်သလို ဖြစ်ပြီးတော့ အမုန်းတရားပွားစေတာမျိုးတွေ ဖြစ်သွားခဲ့မယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွေဟာ မလိုလားအပ်ဘဲနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာ စိုးလို့ပါ” ဟုလည်း ပြောဆိုသည်။
ရန်ကုန်တွင် Educational Initiative အမည်ဖြင့် နိုင်ငံရေး သိပ္ပံကျောင်း လာရောက်ဖွင့်ပြီး လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကို ကူညီနေသော ချက် သမ္မတ နိုင်ငံသား နိုင်ငံရေး သိပ္ပံပညာရှင် အီဂေါ ဗလာဇဗစ်ကမူ ရုပ်ရှင်ဆင်ဆာအဖွဲ့၏ ဆုံးဖြတ်ချက် လုံးဝ မှားယွင်းကြောင်း ဆိုသည်။
ယင်းဆုံးဖြတ်ချက်သည် တပ်ထွက်များအပြင် စစ်အစိုးရအဆက်ဆက် တာဝန်ထမ်းလာခဲ့သော အစိုးရအရာရှိများအပေါ် တပ်မတော်၏ ဩဇာ မည်မျှလွှမ်းမိုးထားသည်ကို ဖော်ပြနေကြောင်းနှင့် ၎င်းတို့သည် တပ်မတော်က စိတ်မကွက်စေရန် ဝေဖန်ရေးမှန်သမျှကို အမြဲကာကွယ်ကြကြောင်း ထောက်ပြသည်။
“ရုပ်ရှင်ကို မပြခိုင်းတာဟာ အမျိုးသားရင်ကြားစေ့ရေးကို အထောက်အကူ မပြုပါဘူး” ဟု အီဂေါဗလာဇဗစ်က ဧရာဝတီသို့ ပြောသည်။ “အမှန်တရားကို ဆင်ဆာဖြတ်တာကမှ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေမှာပါ။ ဖြစ်ခဲ့ပြီးသမျှနဲ့ ဖြစ်နေဆဲ အမှားအယွင်းတွေကို ရိုးသားစွာ အသိအမှတ်ပြုခြင်းကသာ ရင်ကြားစေ့ရေး ပိုလုပ်ဆောင်နိုင်မှာ ဖြစ်တယ်”ဟုလည်း ပြောဆိုသည်။