ပဲခူးတိုင်းအနောက်ခြမ်းသာယာဝတီခရိုင် နတ္တလင်းမြို့နယ်အတွင်းရှိကျေးရွာ၃၀ ကျော်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လယ်ဧက ၂၀၀၀ ကျော် ရေနစ်မြှုပ်ပြီးအိမ်ခြေ ၅၀၀၀ ကျော်ရေကြီးမှု ကြုံတွေ့နေရကာကျေးရွာချင်းဆက်သွယ် ထားသည့်လမ်းများတံတား ၂ စင်းမှာလည်းပျက်စီးသွားကြောင်းနတ္တလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင် မောင်ဦးကပြောသည်။
မိုးအဆက်မပြတ် ရွာသွန်းပြီးရေကြီးမှုကြောင့် နတ္တလင်းမြို့နယ်၊ရွှေတောင်မြို့နယ်နှင့် မင်းလှမြို့နယ်များကိုဆက်သွယ်ထားသည့် ဗျူဟာလမ်းပေါ်ရှိနေရာတချို့တွင် လမ်းဘောင်များပျက်စီးသွားကြောင်း၊ တာပွန်-ချင်းကုန်းကန် လမ်းမပေါ်ရှိပေ ၅၀၀ ခန့်ရှည်သည့် တံတားမှာရေတိုက်စားသွားခဲ့ပြီးချောင်းသုံးခွအုပ်စု၊ နဲ့ညောင်ငုတ်တိုကြားရှိအရှည်၁၅ပေခန့်ရှိကွန်ကရစ်သစ်သားခင်းတံတားမှာရေထဲမျောပါသွား၍ သွားလာရေးအခက်တွေ့ နေရကြောင်းသိရှိရသည်။
“ဒီဗျူဟာလမ်းကြီးကလည်းတမိုင်လောက်ပျက်သွားပြီ၊တာပွန်ကိုကျောင်းလာတက်တဲ့ ကျောင်းသားတွေကျောင်းတက်လို့ မရတော့ဘူး၊ ပျက်စီးတဲ့ လယ်တွေကတော့ အကုန်စိုက်ပြီးသားတွေ၊ စပါးပင်တွေ အကုန်ရေလွှမ်းသွားတာ။ဒီကိစ္စအတွက် ထွေအုပ်နဲ့ ကျေးလက်ဦးစီးဌာနတွေကိုခေါ်ပြီး ပြပြီးသွားပြီ၊ လုပ်ရမှာကသူတို့တာဝန်ဖြစ်တယ်၊ ကျနော် လွှတ်တော်ကိုလဲတင်ပြမှာပါ” ဟုလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးကပြောသည်။
နတ္တလင်းမြို့နယ် တာပွန် ကြို့ကုန်း၊ သခွပ်ကုန်း၊ ကြံတော၊အညာတန်း၊ ကံလယ်၊ လိပ်လွတ်ကုန်း၊ ဘုန်းစု၊ ကျခတ်တန်း၊ကြီးပင်၊ ဆင့်ဂေါင်း၊ သာယာကုန်း၊ မကျီးဆု၊ ကွပ်ကြီး၊ ထိပ်ပိတ်၊ကျီပင်စာရေး၊ ဂွေ့ကြီး၊ ချောင်းသုံးခွစသည့်ကျေးရွာအပါအဝင် ရွာပေါင်း ၃၂ ရွာရှိနေအိမ် ၅၀၀၀ ကျော်မှာလည်းမိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်ရေနစ်မြှုပ်လျက်ရှိကြောင်းသိရှိရသည်။