တိုင်းရင်းသားဒေသများတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ၊ ရွှေ့ပြောင်းအခြေချသူများကို အိမ်ထောင်စုစာရင်းထုတ်ပေးမည့် အစိုးရစီမံချက်အား ပြန်လည်သုံးသပ်ပေးရန် တိုင်းရင်းသားအရေးလှုပ်ရှားသူတချို့က တောင်းဆိုလိုက်သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့သည့်မေလ ၃၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အစိုးရ၏ ရက် ၁၀၀ စီမံကိန်းတွင် ရွှေ့ပြောင်းအလုပ်သမားများကို အိမ်ထောင်စုစာရင်းထုတ်ပေးမည့် စီမံချက်ပါဝင်သည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုစီမံချက်နှင့်ပတ်သက်ပြီး မွန်လူငယ်အသင်းဝင် နိုင်ထွန်းမြင့်က “စီမံချက်က တိုင်းရင်းသားနယ်မြေက နိုင်ငံရေး၊ လူမှုရေးကို ခြိမ်းခြောက်မယ့် စီမံချက်တခုပါ။ ဒီစီမံကိန်းကို ပြည်နယ်အစိုးရ အဖွဲ့အစည်းအနေနဲ့ ပြန်လည်စိစစ်သင့်တယ်” ဟု ဧရာဝတီကို ပြောသည်။
၎င်းက “ရွှေ့ပြောင်းအလုပ်သမားတွေကို အိမ်ထောင်စုစာရင်းတွေ ထုတ်ပေးမယ်ဆိုရင် လူဦးရေ ဖောင်းပွလာမယ်။ ပြီးတော့ နိုင်ငံရေး၊ ဘာသာရေး ရှုပ်ထွေးလာမယ်။ လာမယ့်ရွေးကောက်ပွဲတွေမှာလည်း ရှုပ်ထွေးလာမယ်။ လူမျိုးကြီး တခုအနေနဲ့ လက်ဝါးကြီးအုပ်မယ့် အနေအထားဖြစ်လာနိုင်တယ်” ရှင်းပြသည်။
စီမံချက်ကြောင့် ပြည်နယ်များတွင် လူဦးရေများလာပြီး အလုပ်လက်မဲ့ များလာနိုင်ကြောင်း၊ ဒုစရိုက်သမားများ၊ လုယက်မှုများလည်း ပိုမိုဖြစ်လာနိုင်သဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းအရ ပြန်လည် စိစစ်ရန်လိုအပ်ကြောင်း တိုင်းရင်းသား အရေးလှုပ်ရှားသူများက သုံးသပ်ပြောဆိုနေကြသည်။
ရွှေ့ပြောင်းအလုပ်သမားများကို အိမ်ထောင်စုစာရင်းထုတ်ပေးမည့် စီမံချက်နှင့် ပတ်သက်ပြီး မွန်ပြည်နယ်၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက “အခုအိမ်ထောင်စုစာရင်းတွေက ရွှေ့ပြောင်းသူတွေကို စတင်ပြီးပြုစုနေတဲ့ အခြေအနေမျိုး ရောက်နေပါပြီ။ ထုတ်တဲ့အဆင့်တော့ မရောက်သေးဘူး။ ရက် ၁၀၀ စီမံကိန်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တင်ပြထားတာ အသေးစိတ်မရှိဘူး”ဟု ပြောသည်။
လက်ရှိအချိန်အထိ တိုင်းရင်းသားဒေသခံများ၌ မှတ်ပုံတင်များ၊ အိမ်ထောင်စုစာရင်းများ မရှိသေးကြောင်း၊ အိမ်ထောင်စုစာရင်း စီမံချက် လုပ်ဆောင်ခြင်းထက် ထိုင်းနိုင်ငံဘက်သို့ သွားရောက် အလုပ်လုပ်ကိုင်ကြသူများ မိမိနေရပ်သို့ပြန်လာနိုင်ရန် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရန် ဦးစားပေးဆောင်ရွက်သင့်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ဧရာဝတီကို ပြောသည်။
အိမ်ထောင်စုစာရင်း ထုတ်ပေးမည့်စီမံချက်သည် နိုင်ငံရေးအရ ရိုက်ခတ်မှု ရှိလာနိုင်သည့်အပြင် အမျိုးသားရေးတွင် လူမျိုးတမျိုးနဲ့ တမျိုး အမြင်များ ကွဲပြားလာနိုင်၍ သေချာစိစစ်ပြီး လုပ်သင့်မလုပ်သင့် စဉ်းစားသင့်ကြောင်း၊ ယင်းအစီအစဉ်ပြောင်းလဲသင့်ပါကလည်း ပြောင်းလဲသင့်ကြောင်း ဦးစိုင်းလိတ်က ဆက်ပြောသည်။
နိုင်ငံရေးအရ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲများ၌ ဒေသခံတိုင်းရင်းသားတို့၏ အသံများ မကြားရတော့ဘဲ ရွှေ့ပြောင်းလုပ်သားများ၏ အသံများသာ ကြားလာနိုင်သဖြင့် မူလတိုင်းရင်းသားများအသံ ပျောက်ကွယ်သွားကာ တိုင်းရင်းသားကိုယ်စားပြုမှု ဆုံးရှုံးသွားနိုင်ပြီး၊ တိုင်းရင်းသားများတောင်းဆိုနေသည့် ဖက်ဒရယ်ကိစ္စကို ရိုက်ခတ်လာနိုင်သည်ဟု ဦးစိုင်းလိတ်က ဆိုသည်။
NLD အစိုးရ၏ ရက် ၁၀၀ စီမံချက်တွင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို နေရပ်တခုခုတွင် ၆ လ သို့မဟုတ် ၈ လ ကြာ နေထိုင်ပြီးပါက ယာယီအိမ်ထောင်စုစာရင်း ထုတ်ပေးရန် စီစဉ်နေခြင်း ဖြစ်သည်။