ဒေါ်အောင်ဆန်းစုကြည်က အာရှဒေသရှိနိုင်ငံများတွင် တာဝန်ထမ်းဆောင်နေကြသည့် မြန်မာသံအမတ်ကြီး များအနေဖြင့် နိုင်ငံနှင့်နိုင်ငံသားများ၏အကျိုးစီးပွားကို သံတမန်ရေးရာနည်းလမ်းဖြင့် ကာကွယ်နိုင်ရေး အလေးထားဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အာရှဒေသရှိနိုင်ငံများတွင် တာဝန်ထမ်းဆောင်နေကြသည့် မြန်မာ သံအမတ်ကြီး ၁၈ ဦးအား နေပြည်တော်ရှိ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဇွန်လ ၁၄ ရက်ကတွေ့ဆုံရာတွင် ထိုသို့ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက “သံအမတ်ကြီးတွေနဲ့ တွေ့တဲ့ အခါမှာ ပေးတဲ့သတင်းစကားက အဓိကနှစ်ခုပါပဲ။ တခုကတော့ ကိုယ့်နိုင်ငံနဲ့အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖို့၊ အဲဒီလိုစောင့်ရှောက်တဲ့အခါမှာ သံတမန်နည်းလမ်းနဲ့ နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာနိုင်ငံ သား တွေရဲ့ အကျိုးကိုစောင့်ရှောက်ဖို့၊ ဒါပဲအဓိက ပြောတာပါ” ဟု ဧရာဝတီကို ပြောသည်။
မြန်မာသံအမတ်ကြီးများအနေဖြင့် မိမိတို့ထက် ရုပ်ပိုင်းဆိုင်ရာများစွာရှေ့ရောက်နေသည့် နိုင်ငံများနှင့် ဆက်ဆံရာ တွင် နှလုံးရည်၊ ဉာဏစွမ်းရည်နှင့် မိမိတို့ပြည်သူများ၏ ညီညီညွတ်ညွတ်ထောက်ခံမှုကို အသုံးပြု ဆောင်ရွက် သွားကြရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားပြောဆိုကြောင်း သိရှိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော မြန်မာသံအမတ်ကြီးများက ၎င်းတို့ကြုံတွေ့ နေကြရ သည့် အခက်အခဲ၊ အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို ချပြဆွေးနွေးခဲ့ပြီး၊ အပြန်အလှန် အကြံပြု ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြကြောင်း ဦးကျော်ဇေယျက ဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်ထဲတွင် အကြောင်းကြောင်းကြောင့် ပြည်ပနိုင်ငံများကို ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် နိုင်ငံသားဟောင်းများကို စောင့်ရှောက် ကာကွယ် ပေးရန်လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာသံအမတ်ကြီးများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
“နိုင်ငံသားအကျိုးလို့ ပြောတဲ့အခါမှာ တခါတလေကြရင် အကြောင်းအမျိုးမျိုးကြောင့် ခိုးဝှက်သွား ရတဲ့သူ တွေလည်း ရှိတယ်။ ဒီလူတွေနဲ့လည်း လိုအပ်ရင်လိုအပ်သလို ထိတွေ့သွားဖို့ဆိုတဲ့ အဓိက မှာကြား ချက်လည်း ပါတယ်” ဟု ဦးကျော်ဇေယျက ဆိုသည်။
ယခင်စစ်အစိုးရလက်ထက်က ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် ပြည်ပတိုင်းပြည်များသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အစိုးရက အမည်မည်းစာရင်း သွင်းထားခံရသူများအနေဖြင့် ရာဇဝတ်မှု တစုံတရာ ကျုးလွန်ထားခြင်း မရှိပါက ရက်တရာအတွင်း သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာနိုင်ငံသံရုံးများမှတဆင့် နိုင်ငံ အတွင်း ပြန်လာနိုင်ရန် ဆောင်ရွက်နေကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးကျော်တင်က သတင်း မီဒီယာများသို့ မေလဆန်းပိုင်းက ပြောဆိုထားသည်။
နိုင်ငံတနိုင်ငံတွင် နိုင်ငံတကာဆက်ဆံရေးသည် အရေးကြီးပြီး သမ္မတဦးထင်ကျော် အစိုးရလက်ထက် နိုင်ငံခြား ရေးဝန်ကြီး ဒေါ်အာင်ဆန်းစုကြည် ဦးဆောင်မှုအောက်တွင် နိုင်ငံတကာ ဆက်ဆံရေးသည် အရှေ့တောင်အာရှ၊ အာရှသာမကဘဲ ကမ္ဘာ့အဆင့်အထိ နိုင်ငံတကာဆက်ဆံရေးတွင် မျက်နှာပန်း ပွင့်လာဖွယ်ရှိသည်ဟု စစ်အစိုးရ လက်ထက် ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန တွင် ဒုညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဦးစိုးဝင်းက ပြောသည်။
“အပြည်ပြည်ဆိုင်ရာမှာ ရှေ့တန်းတက်လာတယ်လို့ မြင်တယ်။ ဘယ်လောက်ထိ ကျနော်မြင်လည်း ဆိုရင် အရှေ့တောင် အာရှမှာတင်မကဘူး အာရှမှာလည်း ရှေ့တန်းတက်လာနိုင်တယ်။ ထိုနည်းလည်ကောင်းပဲ ကမ္ဘာ့ မျက်နှာစာမှာပါ မျက်နှာပန်း ပိုပွင့်လာမယ့်၊ ပိုပြီးတော့ အဆင့်တက်လာမယ်။ ထိုနည်းအတိုင်းပဲ နှစ်နိုင်ငံ ဆက်ဆံ ရေး တွေမှာလည်း ပိုကောင်းလာလိမ့်မယ်။ ဒီနေ့ပဲ ကြည့် လာလိုက်တဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ ဒါဟာ တိုးတက်တဲ့ အလားအလာ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ ကျနော်တို့အတွက် အပေါင်းလက္ခဏာလို့ ခေါ်ရမှာပေါ့” ဟု ဦးစိုးဝင်းက ဧရာဝတီကို ပြောသည်။
ယခင်အစိုးရအဆက်ဆက်လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လှုပ်ရှားမှုများကို လူထုက စိတ်ဝင်စားမှု နည်းပါးသော်လည်း လက်ရှိနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်မှုများမြန်ဆန်သကဲ့ ထိုသို့ဆောင်ရွက် မှုများ ကို သတင်းစာ၊ သတင်းမီဒီယာများကသာမက နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူမှုဆက်သွယ်ရေးကွန်ရက် လူမှုကွန်ရက်စာမျက်နှာမှ တဆင့် သတင်းများကို ချက်ချင်း ထုတ်ပြန်သဖြင့် လူထုစိတ်ဝင်စားမှု မြင့်တက်လာ ကြောင်း သိရှိရသည်။