ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀၀ ကျော်ကို နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့ပေးပြီးဖြစ်သော်လည်း ပြန်လည်ထူထောင်ရေး ပြုလုပ်ရန် လိုအပ်နေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။
ရှမ်းပြည်နယ် သီပေါမြို့နယ်အတွင်းတွင် ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ် မတော် မြောက်ပိုင်း (SSPP/SSA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ကို စွန့်ခွာ ထွက်ပြေးခဲ့ရပြီး တိုက်ပွဲများ ပြန်လည် ငြိမ်သက်သွားချိန်တွင် မူလ နေရပ်များသို့ ပြန်သွားကြကြောင်း၊ နေရပ်ပြန် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ပြန်လည်ထူထောင်ရေး ဆိုင်ရာ အကူအညီများ လိုအပ်နေ ကြောင်း သိရှိရသည်။
သီပေါမြို့နယ် အတွင်းရှိ နားတော်၊ ပန်နား၊ နားလျှို အပါအဝင် ရွာ ၅ ရွာတွင် ပြန်လည် ထူထောင်ရေး လုပ် ဆောင် ရန် လိုအပ်နေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ သီပေါမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းစမ်းစမ်းအေး က ဧရာဝတီသို့ပြောသည်။
“ရွာသားတွေ ရဲ့ အိမ်တွေ သူတို့ ပျက်စီးဆုံးရှုံးနေတဲ့ပစ္စည်းစာရင်းကို အရင်ဆုံး ရေးပြီး အမြန်လာတင်ဖို့ ပြော ထားတယ်။ ကျမတို့လည်း တတ်နိုင်တဲ့ဘက်က၊ အလှူရှင်တွေဆီက တောင်းမယ်။ လွှတ်တော် မှာ ပြောမယ်။ ပြန်လည် ထူထောင်ရေး မှာ အများကြီး လိုအပ်နေပါတယ်။ အဆိုးဆုံးကတော့ နားတော်ကျေးရွာ က နေအိမ်တွေပါပဲ” ဟု နန်းစမ်းစမ်းအေးက ရှင်းပြသည်။
လက်ရှိအချိန်သည် သီးနှံများစိုက်ပျိုးချိန်ဖြစ်သဖြင့် ရွာသားများ လယ်ယာ ပြန်လည် စိုက်ပျိုးနိုင်ရန် အတွက် ပြန်လည် ပိ့ုဆောင်ပေးရခြင်း ဖြစ်ကြောင်း၊ ကျေးရွာအတွင်းရှိ စစ်ကြောင်းများကိုလည်း ရွာသားများ ဖမ်းဆီး စစ်ဆေးခြင်း မပြုလုပ်ရန်အတွက် လည်း စစ်ကြောင်းမှူးကို တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နန်းစမ်း စမ်းအေး က ပြောသည်။
ထို့ပြင် လက်ရှိ ဖြစ်ပွားနေသော ရှမ်းပြည်နယ် တိုက်ပွဲများ စစ်ဘေးရှောင် ဒုက္ခသည်အရေးများနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရက ကူညီဆောင်ရွက်မှု မရှိဟု ၎င်းက ဆိုသည်။
“ပြီးခဲ့တဲ့ ၂ ရက်က သူတို့နေရပ်ကို ပြန်ပို့နေတာ။ မနေ့ကတော့ အပြီးပို့လိုက်တာပါ။ လုံခြုံရေးက မှတ်ပုံတင်တွေ လုပ်ပေးလိုက်တယ်။ မှတ်ပုံတင်မရှိတဲ့သူတွေကို ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံချက် ကတ်ပြားတွေ ပေးလိုက်တယ်” ဟု သီပေါမြို့နယ် ပလောင်အမျိုးသမီး အဖွဲ့အစည်း မှ ဒေါ်ညိုညိုမြတ်က ပြောသည်။
ဒေသခံများအနေဖြင့် ၎င်းတို့ နေအိမ်များနှင့် စိုက်ခင်းများဆီသို့ သွားရာတွင် တပ်မတော် စစ်ကြောင်း များနှင့်တွေ့ပါက မသင်္ကာမှုဖြင့် ဖမ်းဆီးမခံရစေရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးမှ ထုတ်ပေးထားသည့် ထောက်ခံစာ နှင့် မှတ်ပုံတင်များ တပါတည်း ဆောင်ထားရန်လည်း သတိပေးထားကြောင်း သိရှိရသည်။
မေလတွင် တပ်မတော်နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) အကြား တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ပန်လော့ကျေးရွာ အနီးနှင့် ဝိုးလုံ ကျေးရွာအနီးတွင် မီးရှို့ခံရ သည့် အလောင်း ၇ လောင်း ကို မေလ ၂၀ ရက်နေ့က တွေ့ရှိခဲ့ရသဖြင့် ဒေသခံများမှာ တိုက်ပွဲများ ငြိမ်သက် နေသည့်တိုင် လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်း သိရှိရသည်။