မန္တလေးတွင် ရက် (၁၀၀) စီမံချက်တွင် ပါဝင်သည့် မန်းသီတာဥယျာဉ် ပြန်လည်ဖော်ဆောင်ရေးလုပ်ငန်းသည် မန္တလေးနန်းမြို့ရိုးနှင့် ကျုံးတည်ရှိသည့် ယဉ်ကျေးမှုနယ်မြေတွင်ပါဝင်နေသဖြင့် ပြည်ထောင်စုအဆင့် ခွင့်ပြုချက်ရယူမည် ဖြစ်ကြောင်း သိရသည်။
“အစီအစဉ်မူကြမ်းကိုတော့ တိုင်းအစိုးရအဖွဲ့ကို ပြီးခဲ့တဲ့အပတ်က စာတင်ထားပြီးပြီ။ တိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရရင် ပြည်ထောင်စုအဆင့်ထိ ဆက်တင်ရမယ်။ နန်းတွင်းတပ်နဲ့လည်း ညှိနှှိုင်းပြီးပြီ” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
မန္တလေးတိုင်း အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံချက်တွင် ပါဝင်သည့် မန်းသီတာဥယျာဉ် ပြန်လည်အကောင်အထည်ဖော်ရေး လုပ်ငန်းသည် ကျုံးတောင်ဘက်တလျှောက် ကျုံးမြို့ရိုးနှင့် ကျုံးကြားရှိ မြေဧရိယာ ပေ ၂၀၀ အကျယ်တွင်
လူထုအပန်းဖြေဧရိယာအဖြစ် သတ်မှတ်ဖော်ဆောင်သွားမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောဆိုထားသည်။
မန္တလေးမြို့တွင် လူထုအပန်းဖြေနေရာ (Public Area) ရှားပါးသဖြင့် အစိုးရသစ်က အကောင်အထည်ဖော်ပေးရန် စီစဉ်ခြင်းဖြစ်ပြီး၊ ထိုစီမံကိန်းအား တာဝန်ယူဆောင်ရွက်ရမည့် မန္တလေး စည်ပင်က သီးသန့်ဘတ်ဂျတ် တောင်းခံမည်မဟုတ်ဘဲ စည်ပင်ဘဏ္ဍာအတွင်းမှ ထုတ်နှုတ်သုံးစွဲသွားမည်ဖြစ်ကြောင်း ဦးသက်နိုင်ထွန်းက ပြောသည်။
မန်းသီတာဥယျာဉ်အား ကျုံးတောင်ဘက်တလျှောက် မြို့ရိုးနှင့် ကျုံးအကြားရှိ မြေလွတ်ဧရိယာတွင် မည်သည့်အဆောက်အအုံမျှ မပါဝင်ဘဲ ကိုယ်လက်လှုပ်ရှား အားကစားနိုင်ရန် ပစ္စည်းကိရိယာများနှင့် ပန်းအလှပင်များသာ စိုက်ပျိုးမည်ဟု အကြမ်းဖျင်းလျာထားကြောင်း ၎င်းက ဆိုသည်။
မန်းသီတာဥယျာဉ် ပြန်လည်အကောင်အထည်ဖော်မည့် စီမံချက်နှင့် ပတ်သက်ပြီး မန္တလေးမြို့ခံတဦးဖြစ်သည့် ယဉ်ကျေးမှုနှင့်သမိုင်း စာရေးဆရာ ဆူးငှက်က “အများပြည်သူ အပန်းဖြေအနားယူနိုင်မယ့် ဥယျာဉ်မျိုး တကယ်ဖြစ်ရင်တော့ ကောင်းပါတယ်။ အဲဒါကလဲ ဘယ်နေရာမှာရှိသင့်တယ်ဆိုတာ အရေးကြီးတယ်။ ခေတ်အနေအထားအရ ရေရှည်အတွက် သေချာစဉ်းစားပြီးမှ လုပ်သင့်တယ်လို့မြင်တယ်” ဟု ပြောသည်။
ယခင်က မန္တလေးကျုံးတောင်ဘက်မြို့ရိုးအတွင်း “မန်းသီတာ” အမည်ရှိ လူထုအပန်းဖြေဥယျာဉ်တခုကို ၁၉၅၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၉၃ ခုနှစ်တွင် နန်းတွင်းလုံခြုံရေးအရ ထိုဥယျာဉ်ကို ပြန်လည်ဖျက်သိမ်းခဲ့ကြောင်း သိရသည်။