သတင်း

ဖျက်သိမ်း ခုံးကျော်တံတား ၂ စင်း ဘတ်ဂျက် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် သုံးစွဲမည်

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့တွင်း စီမံကိန်းဖျက်သိမ်းထားသည့် ခုံးကျော်တံတား နှစ်စင်းဘက်ဂျက် ကျပ် ၃၂ ဒဿမ ၂ ဘီလီယံ ကို စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်ပြင်ပ ၁၂ မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သုံးစွဲသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။

ကျေးလက်ဒေသ ဦးစားပေး အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အမှန်တကယ် လုပ်ဆောင်ရန် လိုအပ်နေသည့် လမ်း၊ တံတားများ တည်ဆောက်ရေး၊ ကျောင်းများ၊ ဆေးရုံများ အဆင့်မြှင့်တင်ခြင်းများကို အဓိကထားကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

“အဓိကတော့ ကျေးလက်မှာ အမှန်လိုအပ်နေတာတွေကို ဦးစားပေးလုပ်ရမှာပါ။ မြို့ဘက်ပိုင်းမှာ လိုအပ်နေတာ တွေလဲ ရှိပါတယ်။ ဘက်ဂျက်ကတော့ အနိမ့်ဆုံး ၂ ဘီလီယံကျော်စီရထားပါတယ်။ စီမံချက်ချပေးတာနဲ့ လုပ်ငန်းတွေ အမြန်ဆုံး စတင်မှာပါ”ဟု မှော်ဘီမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ပြောသည်။

ယခင်အစိုးရလက်ထက် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းဥပဒေကြမ်းတွင် ထည့်သွင်းထားခဲ့သည့် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ပါရမီလမ်းဆုံ နှင့် မြောက်ဥက္ကလာ လမ်းဆုံတွင် ပြုလုပ်မည့် ခုံးကျော်တံတား စီမံကိန်း ၂ ခုကို လွှတ်တော်တွင် ဧပြီ ၆ ရက်နေ့တွင် ပြန်လည် ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

ပယ်ဖျက်လိုက်သည့် စီမံကိန်းများမှ ရရှိလာသည့် ဘက်ဂျက် ၃၂ ဒဿမ ၂ ဘီလီယံဖြင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်၊ ကိုကိုးကျွန်း၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်း၊ သန်လျင်နှင့် လှည်းကူးမြို့နယ်တို့တွင် ကျေးလက်ဖွံ့ဖြိုးရေးကိစ္စများအတွက် အသုံးပြုရန် စီစဉ်ထားခြင်း ဖြစ်သည်။

တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဖွံ့ဖြိုးရေးစီမံချက်များနှင့် ပတ်သက်၍ ဇွန် ၂၆ ရက် နောက်ဆုံးထားကာ တင်ပြကြရန် ဇွန် ၁၅ ရက်နေ့က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ညွန်ကြားထားကြောင်း ကိုယ်စားလှယ်များထံက သိရသည်။

လက်ရှိတွင် ဖွံ့ဖြိုးရေးစီမံချက် တင်ပြထားမှုများရှိသော်လည်း မလိုအပ်သည့် မြို့ပေါ်စီမံချက်များ ပါဝင်နေ သည့်အတွက် စီမံချက်များကို ကိုယ်စားလှယ်များနှင့် ညှိနှိုင်းစိစစ်ကာ အသစ်ပြန်တင်ရန် ညွန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ကိုယ်စားလှယ်များကပြောသည်။

တိုင်းလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးညီညီက “မြို့နယ်အုပ်ချုပ်ရေးပိုင်းက ကိုယ်စားလှယ်တွေကို အသိမပေးဘဲ လုပ်တာတွေ ရှိတယ်။ လိုအပ်တဲ့နေရာတွေ ပါမလာဘဲ အောက်ခြေမှာ ပေါ့လျော့မှုတွေ ရှိနေတယ်” ဟု ပြောသည်။

ဖွံ့ဖြိုးရေးစီမံချက်များ အသစ်ပြန်တင်ပြရာတွင် အမှန်တကယ်လိုအပ်နေသည့် ကျေးလက်ဒေသများ အတွက်သာ ဦးစားပေးဆောင်ရွက်မည်ဖြစ်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ပိုမိုအကျိုးပြုမည်ဖြစ်ကြောင်း ထန်းတပင်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးက သုံးသပ်သည်။

ဖွံ့ဖြိုးရေး စီမံချက်ဘက်ဂျက်အား ၁၂ မြို့နယ်အတွက် ခွဲဝေရာတွင် လှည်းကူးမြို့နယ်မှာ ကျပ် ၄ ဘီလီယံ နီးပါးဖြင့် အများဆုံးဖြစ်ပြီး ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့မှာ ၃ ဘီလီယံ ကျော်ဖြင့် ဒုတိယ အများဆုံးဖြစ်ကာ ကျန်မြို့နယ်များမှာ ၂ ဘီလီယံကျော်စီဖြစ်ကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။

Loading