သတင်း

ဒီမိုကရေစီ ရှင်သန်ရေး လာဘ်စားမှုတွေ တိုက်ဖျက်ဖို့ မြန်မာကို မွန်ဂိုသမ္မတ တိုက်တွန်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် လာဘ်စားမှုများ တိုက်ဖျက်၍ ပွင့်လင်းမြင်သာမှု ရှိသည့် အစိုးရတရပ် ဖောင်ဆောင်နိုင်မှသာလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အောင်မြင်နိုင်လိမ့်မည်ဟု မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj က ပြောဆိုလိုက် သည်။

မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj က ယနေ့ နေပြည်တော်ရှိ MICC-2 တွင် မြန်မာ အစိုးရဝန်ထမ်း ၇၀၀ ခန့်နှင့် တွေ့ဆုံပွဲတွင် အထက် ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒီမိုကရေစီ ရှင်သန်ဖို့အတွက် ကျနော်တို့ ဘဝတွေ ရှင်သန်ဖို့အတွက် လာဘ်စားမှုကို တိုက်ဖျက်ဖို့ လိုပါတယ်။ ကျနော်တို့ မွန်ဂိုလီးယားနိုင်ငံအတွက် ဒီမိုကရေစီ အန္တရာယ်ဟာ အပြင်က မလာပါဘူး။ မကောင်းတဲ့ အစိုးရ၊ လာဘ်စားမှု ရှိတယ်။ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ဒါကအန္တရာယ် ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း စနစ်သစ်တခုကို ထူထောင်တဲ့အခါမှာ အတွေ့အကြုံတွေ အများကြီး တွေ့လာနိုင်ပါတယ်”ဟု မွန်ဂို သမ္မတ Tsakhiagiin Elbegdorj က ပြောသည်။

ဒီမိုကရေစီရသည်နှင့် တပြိုင်နက် ဘဝများ ချက်ချင်း သာယာသွားလိမ့်မည်ဟု မထင်သင့်ဘဲ လူတိုင်း လူတိုင်း ကိုယ့်တာဝန် ကိုယ်ယူ၍ ကြိုးစား အလုပ် လုပ်ပါမှ ဒီမိုကရေစီ အောင်မြင်လိမ့်မည်ဖြစ်ကြောင်း၊ မွန်ဂိုလီးယားနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်သည့်အချိန်တွင် စားပွဲပေါ်မှာရှိတဲ့ လုပ်ထုံး လုပ်နည်းများ အားလုံးကို စွန့်လွှတ်လိုက်ကြောင်း မွန်ဂို သမ္မတက ပြောသည်။

“ကျနော် သမ္မတအဖြစ် အရွေးခံတော့လည်း ပြည်သူကို တခုပဲ ကတိပေးခဲ့ပါတယ်။ ကျနော်ကို ထောက်ခံမယ်ဆိုရင် အကျင့်ပျက်မှုကို တိုက်ဖျက်ပါမယ်လို့ ပြောခဲ့တာပါ။ ကျနော် ဝန်ကြီးချုပ်အနေနဲ့ သက်တမ်း ၂ ခုလောက် တာဝန်ယူခဲ့ပါတယ်။ လာဘ်စားမှုကို ကျနော်တိုက်ဖျက်ဖို့ ကြိုးစားတဲ့အခါမှာ ကျနော်ရဲ့ ပါတီကနေ ၂ ကြိမ် အထုတ်ခံခဲ့ရပါတယ်”ဟု မွန်ဂို သမ္မတက ပြောသည်။

မွန်ဂိုလီးယားနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရန် အစိုးရ ဝန်ဆောင်မှုအားလုံး တနေရာတည်းရနိုင်သည့် အစိုးရဌာနကြီးတခုသို့ တန်းသွားနိုင်ပြီး မြန်မာနိုင်ငံတွင်လည်း ရန်ကုန်မြို့အပြင် မြို့တိုင်းတွင် လုပ်နိုင်ကြောင်း၊ လူတိုင်းကလည်း လုပ်ပေးရန် တောင်းဆိုသင့်ကြောင်း မွန်ဂို သမ္မတက ပြောသည်။

“အစိုးရက ဆုံးဖြတ်ချက်လေးချပေးရုံပဲ။ ဝန်ဆောင်မှုဆိုတာ ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ဒါမှမဟုတ်ရင် ဗျူရိုကရက် အရာရှိ ရှိရမယ်။ အခန်းရှိရမယ်။ အချိန် အကြာကြီး ယူပြီးတော့ ငွေတောင်းတဲ့ဟာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ အခု မွန်ဂိုမှာ အားလုံးကို တစ်နေရာတည်းမှာ ဝန်ဆောင်မှု မျိုးစုံ ရပါတယ်။ လျှောက်ထားသူဟာ သမ္မတပဲ ဖြစ်နေနေ အဲဒါဟာ အရေးမကြီးတော့ပါဘူး။ ပြည်သူတွေအားလုံးအတွက် တနေရာတည်းမှာရတဲ့ ဝန်ဆောင်မှုပါ။ အတုယူမယ်ဆို ယူလို့ရပါတယ်”ဟု သူက ပြောသည်။

မွန်ဂိုလီးယား သမ္မတ၏ ပြောဆိုချက်များနှင့် မွန်ဂိုနိုင်ငံ၏ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အစီအစဉ်များကို သဘောကျပြီး မြန်မာနိုင်ငံ အနေဖြင့် လိုက်နာ ကျင့်သုံးသင့်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်လာသူ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာခိုင်က မီဒီယာများသို့ ပြောသည်။

“အကျင့်ပျက် ခြစားတာတွေ၊ လာဘ်ပေးလာဘ်ယူ ပပျောက်အောင် လုပ်ချင်တာတွေ တူပါတယ်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့ကိုရော ပွင့်လင်း မြင်သာ မှုကိုရော အခုထက်ပိုပြီး လုပ်စေချင်ပါတယ်။ ဝန်ထမ်းတွေမှာ အကျင့်ပျက်ခြစားမှု ရှိတယ်ဆိုပေမယ့် ကျမ တို့ဒါကို ရှောင်လွှဲနိုင်အောင် လုပ်မှာပါ။ ဝန်ကြီးဌာနတိုင်းမှာ ဒါမျိုးကို အမြန်ဆုံး လုပ်စေချင်ပါတယ်”ဟု ဒေါ်ခင်သီတာခိုင်က ပြောသည်။

မွန်ဂိုလီးယားနိုင်ငံတွင် အစိုးရက မီဒီယာကို ချုပ်ကိုင်ထားခြင်း မရှိကြောင်း၊ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ ရှိပြီး မီဒီယာများက ကိုယ့်တာဝန် ကိုယ်ယူ သည့် စနစ်ဖြင့် တဖြည်းဖြည်း တိုးတက်နေကြောင်း၊ ပြည်သူများ၏ မျက်စိ ဖွင့်ထားပေးရန် လိုအပ်ပြီး ပြည်သူများ အသိပညာ တိုးတက်လာသည်နှင့်အမျှ အမှားများကို ပြန်လည် ပြင်ဆင်ရန် အခွင့်အရေး ရလိမ့်မည်ဟု မွန်ဂို သမ္မတက ပြောသည်။

“အစိုးရသစ်အပေါ် မြန်မာနိုင်ငံက အများကြီး မျှော်လင့်နေတာ သိပါတယ်။ မြန်မာနိုင်ငံအတွက် ဘယ်သူမှ လာလုပ်ပေးမှာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေပဲ လုပ်ရမှာပါ။ လူမျိုးဘာသာ မတူတဲ့သူတွေ နေထိုင်ကြပေမယ့် အားလုံး အေးအေးချမ်းချမ်း နေထိုင်ကြပါတယ်။ လူ့အခွင့်အရေးကို အားလုံးလိုက်နာ ကျင့်သုံးဖို့ ရိုသေဖို့ လိုပါတယ်’’ဟု မွန်ဂို သမ္မတက ပြောသည်။

ဒီမိုကရေစီစနစ်တွင် လုပ်ပိုင်ခွင့်နှင့် တာဝန်ခံမှု ၂ ခု ပေါင်းနေကြောင်း၊ လဘ်စားခြင်းကိုမူ လုံး၀ လက်မခံဘဲ မည်သူ့ကို ဖြစ်စေ အရေးယူကြောင်း သိရသည်။

“မွန်ဂိုလီးယားနိုင်ငံမှာ အရာရှိ အများကြီး မရှိပါဘူး။ သူတို့ကို နေ့စဉ် စောင့်ကြည့်နေပါတယ်။ လာဘ်စားမှုကို အခြေခံလိုက်နေပါတယ်။ အရာရှိတွေရဲ့ မိသား စုတွေဟာ နိုင်ငံရေးသြဇာနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ စိတ်နေ စိတ်ထားပေါ်မှာ အများကြီး မူတည်ပါတယ်။ ဘယ်သူမှ စောင့်မကြည့်ရင်လည်း ကိုယ့်အကျင့်စာရိတ္တကို ထိန်းသိမ်းနိုင်ရင် ကောင်းပါတယ်”ဟု မွန်ဂို သမ္မတက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading