တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အတွင်းတွင် ပြီးခဲ့သည့် ၆ လအတွင်း ဖြစ်ပွားသော သက်ငယ် မုဒိမ်းမှုများသည် ငွေကြေးဖြင့်သာ ကျေအေးနေရကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောသည်။
၂၀၁၆ ခုနစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ထားဝယ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှု ၄ ခုစလုံးတွင် အနိုင်ကျင့်ခံရသည့် မိန်းကလေးငယ် မိသားစုဘက်မှ ဥပဒေကို နားလည်ခြင်း မရှိသဖြင့် အမှုကိစ္စများကို လိုက်လံ ဆောင်ရွက်ခြင်း မလုပ်နိုင်ဘဲ ငွေကြေးဖြင့်သာ ကျေအေးလိုက်ရကြောင်း သက်ငယ်မုဒိမ်းမှု နှင့် ပတ်သက်ပြီး လိုက်လံ ကူညီဆောင်ရွက် ပေးနေသည့် ထားဝယ် အမျိုးသမီး သမဂ္ဂမှ ဒေါ်သီတာမိုးက ဧရာဝတီသို့ ပြောသည်။
“ကျမတို့ အဖွဲ့က ၆ လအတွင်း သက်ငယ်မုဒိမ်းမှု ကောက်တာ ၄ မှု ရှိတယ်။ အဲဒီအမှုတွေက ရဲစခန်းတော့ ရောက်တယ်။ တရားရုံးအထိ မရောက်ဘူး။ ကျေးရွာက လူတွေကလည်း အမှုဖွင့်ရကောင်း မှန်းမသိဘူး” ဟုလည်း ဒေါ်သီတာမိုးက ဆိုသည်။
ယခုလအတွင်း ဖြစ်ပွားခဲ့သည့် ထားဝယ်မြို့၊ လောင်းလုံးမြို့နယ် ကျေးရွာတခုမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို အသက် ၆၀ ရှိ လူတဦးက အတင်းအဓမ္မကျင့်ကြံခဲ့ကြောင်း၊ အမှုမှာ တရားရုံးသို့ မရောက်ဘဲ လျော်ကြေးငွေ ကျပ် ၁၄ သိန်း ပေးလျော် ကြေအေးခဲ့ကြောင်း ဒေါ်သီတာမိုးက ပြောသည်။
“ကျမ ဒီအမှုကို စသိတဲ့အချိန်မှာ ကလေးမက လျော်ကြေး ၁၄သိန်း ပေးမယ်ဆိုပြီး အမှုက ပြီးသွားပါပြီ။ ဒါပေမယ့် ကလေးရဲ့ လက်ထဲကို လျော်ကြေးငွေ ၉ သိန်းပဲရောက်တယ်။ ကျန်ငွေတွေက ရဲက ယူထားတယ်လို့ သိထားပါတယ်” ဟု ဒေါ်သီတာမိုးက ဆိုသည်။
လက်ရှိ ကလေးငယ် လုံခြုံမှုရှိအောင် တခြားနေရာ ပြောင်းရွှေ့ထားနေရကြောင်း၊ သက်ငယ်မုဒိမ်းမှုကို ထားဝယ် ရဲတပ်ဖွဲ့က ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခြင်း မပြုလုပ်ကြောင်း၊ ဥပဒေများ ရဲလုပ်ထုံးလုပ်နည်းများကို ဒေသခံများက နားမလည်ကြောင်း ထားဝယ်အမျိုးသမီး သမဂ္ဂအဖွဲ့က ပြောသည်။
“ယောကျာ်တွေ စိတ်ထဲမှာ ငွေရှိရင် မုဒိမ်းကျင့်လို့ရတယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားတဲ့အတွက် ကျမတို့ အမျိုးသမီးနဲ့ ကလေးတွေအတွက် အင်မတန်စိုးရိမ်ရတယ်၊ လုံခြုံမှု ရှိမနေဘူး။ ဒါကြောင့် ကျမတို့အတွက် လုံခြုံမှုရှိအောင် ဥပဒေအတိုင်း လုပ်ဖို့လိုတယ်” ဟု မစုစုဆွေကဆိုသည်။
ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် သက်ငယ်မုဒိမ်းမှုများသည် အမှုဖွင့်သည့်အဆင့် မရောက်ရှိဘဲ ငွေကြေးဖြင့်သာ ကျေးအေးလိုက်ရသည့် ကိစ္စကို ထားဝယ် အမျိုးသမီးများက မကျေနပ်ကြောင်း၊ သက်ငယ်မုဒိမ်းမှုကို ဥပဒေအရ ကာကွယ်ပေးသင့်သည်ဟု ထားဝယ် အမျိုးသမီးသမဂ္ဂအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး မစုစုဆွေ က ဧရာဝတီသို့ ပြောသည်။
လူ့အခွင့်အရေး နှင့် ပတ်သက်ပြီး အမှုများ လိုက်လံ ဆောင်ရွက်ပေးသည့် ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က “ကလေးမုဒိမ်းမှုတွေ အတော်များလာနေတယ်၊ ဒီတော့ ကြီးလေးတဲ့ ပြစ်ဒဏ်ပေးဖို့ လိုအပ်သလို၊ သေဒဏ် ဆိုတာဟာလည်း လက်ခံပေးရမယ့် အခြေအနေဖြစ်နေတယ်၊ မှတ်လောက်သားလောက်အောင် အပြစ်ပေးဖို့ လိုနေပြီ၊ ဘာဖြစ်လို့လဲဆိုတော့ ကလေးမုဒိမ်းမှု တိုးပွားလာတာဟာ နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေလို့ပါ” ဟု ဧရာဝတီသို့ ပြောခဲ့သည်။