ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP) ပါတီအနေဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရှေးအဖွဲ့ (မဘသ) ကို ပါတီအကျိုးအတွက် အသုံးချမှုမရှိခဲ့ကြောင်း ပါတီ၏ ဗဟိုကော်မတီဝင်လည်းဖြစ် ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်တဦးလည်း ဖြစ်သည့် ဦးခင်ရီ က ဧရာဝတီသို့ ပြောသည်။
“သူတို့ (မဘသ) ရဲ့ယုံကြည်မှုဆန္ဒအတိုင်း လုပ်ကြ တာ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့အတွက် မဲဆွယ်ခိုင်းတဲ့ဟာမျိုး၊ ဘာညာ အသုံးချတာ မရှိပါဘူး။ ဘာသာ၊ သာသနာ အဖွဲ့အစည်း တခုကို အဲလိုမျိုး အသုံးချတာမရှိပါဘူး” ဟု ဦးခင်ရီက ပြောသည်။
မဘသ အဖွဲ့မှ ထင်ရှားသည့် ဆရာတော်တပါးဖြစ်သည့် ဆရာတော် ဦးပါမောက္ခ ဇွန်လကုန်တွင် မဘသ နုတ်ထွက်မည်ဖြစ်ပြီး နုတ်ထွက်ရသည့် အကြောင်းမှာ မဘသ အဖွဲ့သည် အဖွဲ့၏ မူဝါဒများကို ချိုးဖောက်ပြီး နိုင်ငံရေးပါတီတခု၏ အသုံးချခံဖြစ်နေခြင်းကြောင့်ဖြစ်ကြောင်း ဆရာတော် က ဧရာဝတီသို့ မိန့်ကြားခဲ့သည်။
မဘသ အဖွဲ့သည် ရွေးကောက်ပွဲကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို မဲမပေးရန် လှုံ့ဆော်ခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီကိုသာ မဲပေးဖို့ စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း၊ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် ပုတ်ခတ် ပြောဆိုမှုများကို ကိုယ်တိုင်ကြားသိခဲ့ရကြောင်း ဦးပါမောက္ခကမိန့်ကြားခဲ့သည်။
နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့၏ ပါတီအကျိုးအတွက် ဘာသာ၊ သာသနာအဖွ့ဲအစည်းများ၊ ရဟန်း၊ သံဃာများကို အသုံးချမှု မပြုလုပ်သင့်သကဲ့သို့ ဘာသာ၊ သာသနာအဖွ့ဲအစည်းများ၊ ရဟန်း၊ သံဃာများ အနေဖြင့်လည်း ယင်းသို့ မပြုလုပ်သင့်ကြောင်း ဂဠုန်နီ ဆရာတော် ဦးကာဝိယ က ဧရာဝတီသို့ မိန့်ကြားသည်။
“ရဟန်း၊ သံဃာတွေအနေနဲ့ ပါတီတခုအကျိုးအသုံးချခံမဖြစ်သင့်ဘူး။ လုပ်လည်း မလုပ်သင့်ဘူး။ ကိုယ်ကဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓဝင်အားလုံးရဲ့ ကိုးကွယ်မှု၊ ပူဇော်ပသမှုကိုခံနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘက်လိုက်တယ်ဆိုရင် ဒါအင်မတန်မှ မကောင်းတဲ့ လုပ်ရပ်ကြီးတခုပေါ့။ သာသနာတော်အတွက်လည်းမကောင်းဘူး။ ပါတီတွေရဲ့ လက်ကိုင်တုတ်လည်း မဖြစ်သင့် ဘူး။ မလိုလားအပ်တဲ့ ပဋိပက္ခတွေလည်း ဖြစ်လာနိုင်တယ်” ဟု ဆရာတော် ဦးကာဝိယ က မိန့်ကြားသည်။
ကြံ့ခိုင်ရေး ပါတီအနေဖြင့် မဘသ အပါအဝင် မည့်သည့် ဘာသာ၊ သာသနာအဖွ့ဲအစည်းများကိုမှ အသုံးချခြင်းမရှိဟု ပြောဆို သော်လည်း ၂၀၁၅ ရွေးကောက်ပွဲကာလနှင့် ယင်းမတိုင်မီကာလတွင် မဲအနိုင်ရရေးအတွက် မဘသ အဖွဲ့အား အသုံးချခဲ့သည် ဟု စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီကို လူထုထောက်ခံမဲ အရေအတွက် အပြတ် အသတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုအခါ ပါတီပြန်လည်မွန်းမံမှုများ ပြုလုပ်နေကြောင်း တရားဝင် သတင်းထုတ်ပြန်ပြောဆိုထားသည်။