မသန်စွမ်း ကလေးငယ်များတိုင်း ပညာသင်ကြားခွင့် ရရှိရန် ရည်ရွယ်ပြီး လူတိုင်းအတွက် ပညာရေးစီမံချက်ကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ဒီနှစ်စီမံချက်က အရင်နှစ်တွေနဲ့ မတူဘူး။ အရင်က ကလေးတွေအပေါ်ပဲ လုပ်ပေးခဲ့တာ၊ ဒီနှစ်က ကျောင်းတွေကိုရော ပံ့ပိုးပေးတယ်။ ဘယ်လို ကလေးမျိုးပဲလာလာ အဆင်ပြေအောင်ပါ” ဟု ဧဒင် မသန်စွမ်း သက်ငယ်များ ပြုစုရာရိပ်မြုံမှ Social Work Officer ဒေါ်တင်တင်ခိုင်က ဧရာဝတီကို ပြောသည်။
ယခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ် စီမံချက်၌ မြို့နယ် ၁၀ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၅၀ ပါဝင်ပြီး စီမံချက်ဝင် မသန်စွမ်း ကျောင်းသားငယ် ၂၅၀ ဦး အထိရှိကြောင်း ဒေါ်တင်တင်ခိုင်က ဆက်ပြောသည်။
ဧဒင် မသန်စွမ်း သက်ငယ်များ ပြုစုရာရိပ်မြုံက လူတိုင်းအကျုံးဝင်ပညာရေး စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည်မှာ ၈ နှစ် ကြာ ရှိနေပြီဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ပညာသင်နှစ်အတွင်း မသန်စွမ်း ကလေးငယ် ၁၄၀ ဦးကို လူတိုင်အကျုံးဝင် ပညာရေး စီမံချက်ဖြင့် အစိုးရကျောင်းများတွင် ပညာသင်ယူခွင့် ပေးခဲ့ကြောင်း သိရသည်။
မသန်စွမ်းကလေးများ ပညာသင်ကြားရေးနှင့် ပတ်သက်၍ ပံ့ပိုးပေးရာတွင် ဆရာ၊ ဆရာမများအား သင်တန်းပေးခြင်း၊ ကျောင်းအတွင်း သွားလာမှု အဆင်ပြေရေး ပံ့ပိုးပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ပံ့ပိုးပေးခြင်းကို ဧဒင်က တခြားသော အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
အစိုးရ အခြေခံပညာကျောင်းများတွင် မသန်စွမ်းသူများ တက်ရောက် သင်ယူရနိုင်ရန် ကျောင်းတွင်း တည်ဆောက်ပုံများ၊ ဆရာ၊ ဆရာမများနှင့် သင်ကြားရေး စနစ်များကို ဦးစွာပြုပြင်သင့်သည်ဟု မသန်စွမ်းသူများက ထောက်ပြပြောဆို နေကြသည်။
မြန်မာနိုင်ငံတွင် ကိုယ်အင်္ဂါ မသန်စွမ်း၊ အမြင်အာရုံ မသန်စွမ်း၊ အကြားအာရုံ မသန်စွမ်း၊ ဉာဏ်ရည် မသန်စွမ်းဟူ၍ မသန်စွမ်း အမျိုးအစား ၄ မျိုး သတ်မှတ်ထားကြောင်း သိရသည်။