တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်တွေက လုံခြုံရေးဆိုင်ရာ မူဝါဒတခု ကြိုတင်ရေးဆွဲဖို့ ပြင်ဆင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ တရပ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇွန်လ ၁၆ ရက်မှ ၁၈ ရက် အထိ ကျင်းပနေပါတယ်။
အဲဒီ ဆွေးနွေးပွဲကို တိုင်းရင်းသား လူမျိုးရေးရာစင်တာ (ENAC) က စီစဉ်တာဖြစ်ပြီး UK နိုင်ငံမှ အတွေ့အကြုံရှိ ပညာရှင်များနှင့် လေ့လာဆွေးနွေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း လုံခြုံရေးဆိုင်ရာ နဲ့ပတ်သက်ပြီး အလားတူဆွေးနွေးပွဲ တရပ် ပြုလုပ်ခဲ့ပါသေးတယ်။
UNFC အတွင်းရေးမှူးလည်းဖြစ် ENAC ဒါရိုက်တာဘုတ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ခူးဦးရယ်က လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) မှာ လုံခြုံရေးဆိုင်ရာမူဝါဒပိုင်းအတွက် ဆွေးနွေးတဲ့အခါ အထောက်အကူရစေဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
“လုံခြုံရေးနဲ့ပတ်သက်တဲ့ မူဝါဒအကြမ်းတွေကတော့ ပြင်ဆင်ထားပြီးသား ရှိတယ်။ ဒါပေမယ့် မလုံလောက်ဘူး။ ဒီက ရလာမယ့်အနေအထားပေါ် မူတည်ပြီး ဖြည့်စွက်ဖို့ ဖြစ်ကောင်းဖြစ်မယ်။ ပြီးပြည့်စုံတဲ့ ပေါ်လစီ အကြမ်း တစ်ခု ရအောင်ပြင်ဖို့ ကျနော်တို့ စဉ်းစားထားပါတယ်။ ဒါလည်း ၂၁ ရာစု ညီလာခံ မတိုင်ခင်ပေါ့။ အဲဒီအချိန်ကျတော့ ကျနော်တို့ တင်ပြဆွေးနွေးလို့ရအောင်ပေါ့” လို့ သူက ရှင်းပြပါတယ်။
သြဂုတ်လအစောပိုင်းမှာ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံမှာ နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍ ၂ ရပ်ကို အဓိကထားဆွေးနွေးမယ်လို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားတာ ရှိပါတယ်။
ခူးဦးရယ်က လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုတာ လက်နက်ကိုင်တပ်ဖွဲ့များနဲ့သာ သက်ဆိုင်တာ မဟုတ်ဘဲ အားလုံးနဲ့ ဆိုင်တဲ့အတွက် ပြင်ဆင်မှုလုပ်ဆောင်ဖို့ အဓိကကျကြောင်း၊ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံအနေနဲ့ အခြားနိုင်ငံတွေက ဥပမာတွေကို လေ့လာပြီး SSR/DDR လုပ်ငန်းစဉ်များကို ကွဲကွဲပြားပြားနားလည်သိရှိဖို့ လိုအပ်တယ်လို့ ထောက်ပြ ပြောဆိုပါတယ်။
သူက“လုံခြုံမှုလို့ ပြောရင် ကျနော်တို့ တဖက်တည်းအတွက်တင် မဟုတ်ဘူး။ နိုင်ငံတော်တခုလုံးရဲ့ လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်လို့ လေ့လာစရာ အကြောင်းအချက်တွေ အများကြီး လိုတယ်လို့ ထင်တယ်။ အထူးသဖြင့် ကျနော်တို့ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေက ပိုပြီး သိဖို့လိုတယ်။ လုံခြုံရေးဆိုင်ရာလို့ ပြောလိုက်ရင် ကျနော်တို့ အားလုံးက လက်နက်ကိုင်ပဋိ့ပက္ခကြားထဲက လာတဲ့လူတွေဖြစ်တော့ လက်နက်တွေ ဖြုတ်သိမ်းဖို့ ပြောမှာလား။ တပ်ဖွဲ့တွေကို ဖျက်သိမ်းဖို့ ပြောမှာလား။ လက်နက်ချမယ့်အနေအထားမျိုးလား သို့မဟုတ် ကျနော်တို့တပ်တွေကို အသွင်ပြောင်းရမယ့် အနေအထားမျိုး ဖြစ်မလား စသည်ဖြင့်ပေါ့ ခေါင်းထဲ အဲဒီလို ဝင်နေတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး“ကျနော်တို့ နားလည်တဲ့ လုံခြုံရေးကဏ္ဍဆိုတာက စစ်ရေးကိစ္စရပ် တခုတည်းနဲ့ မလုံလောက်ဘူး။ ကျနော်တို့ စီးပွားရေးအရ လုံခြုံဖို့၊ ပညာရေး ကျန်းမာရေးအရ လုံခြုံဖို့ လူမှုဘဝလုံခြုံဖို့ ပိုအရေးကြီးတယ်။ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုရင်လည်း လူမှုဘဝ မလုံခြုံဘူးလေ။ ဒီလုံခြုံမှုကိစ္စ အရပ်ရပ်နဲ့ ဆက်ဆိုင်တယ်လို့ နားလည်တယ်။” လို့ ရှင်းပြပါတယ်။