မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အောင်မြင်အောင် ပါဝင်ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်ကို ပြင်သစ်နိုင်ငံက အသိအမှတ်ပြုကြောင်း ယနေ့ နံနက်ပိုင်းက နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် မြန်မာနှင့် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ၂ ဦးတို့ ပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Jean-Marc AYRAULT က ပြောဆိုလိုက်သည်။
“မြန်မာ့တပ်မတော် အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုမှာ ပါဝင်ခဲ့ပါတယ်။ အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီအတွက် မြန်မာ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အောင်မြင်အောင် ပါဝင်တဲ့ တပ်မတော်ကိုလည်း ကျနော်တို့ အသိအမှတ်ပြုပါတယ်”ဟု Jean-Marc AYRAULT က ပြောသည်။
ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်အလက်များကို ပြင်သစ်နိုင်ငံက လေးစားကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ် ငန်းစဉ်တွင် ပြည်သူလူထု ပါဝင်မှုအတွက် အများကြီး ကျေနပ်မှု ရှိကြောင်း ပြောသည်။
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကမူ ပြင်သစ်နိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး အကူအညီများ တစိုက်မတ်မတ် ကူညီအားပေးခဲ့သဖြင့် ယခုအချိန်တွင် ကျေးဇူးတင်ကြောင်း ပြောနိုင်သည့်အတွက် ဝမ်းသာကြောင်း ပြန်လည် ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့နဲ့ ပြင်သစ်နိုင်ငံကြားမှာ အင်မတန်ကောင်းတဲ့ ဆက်ဆံရေး ရှိပါတယ်။ အထူးသဖြင့် ပြင်သစ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို အထူး စိတ်ဝင်းစားပါတယ်။ ရန်ကုန်မှာရှိတဲ့ ပြင်သစ် ယဉ်ကျေးမှုဌာနဟာ ကျွန်မတို့ပြည်သူတွေအတွက် ပျော်ရွှင်စရာ စိတ်ချမ်းသာစရာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒါကို အထူး ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်၏ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို ပြင်သစ် ပြည်သူများ ကြိုဆို ထောက်ခံလျက်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုးတက်အောင် လုပ်ဆောင်နိုင်မှုများအတွက် ပြင်သစ်နိုင်ငံက ဂုဏ်ယူကြောင်း ပြောကြားသည်။
“မြန်မာနိုင်ငံရဲ့ အင်အားဟာ မြန်မာ ပြည်သူလူထု ဖြစ်ပါတယ်။ ဒီပြည်သူလူထုအင်အားနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို အောင်မြင်အောင် ဆောင်ရွက်သွား နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာပြည်ရဲ့ အင်အားဖြစ်တဲ့ ပြည်သူလူထုကို အမြဲထောက်ခံ အားပေးနေပါတယ်”ဟု သူက ဆိုသည်။
မြန်မာအတွက် ပြင်သစ်နိုင်ငံက ယူရို သန်း ၂၀၀ အကူအညီ ပေးရန် အစီအစဉ်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်မှ စ၍ မြန်မာ့ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရန် အကူအညီများ ၂ ဆတိုး ပေးခဲ့ကြောင်း၊ ပြင်သစ်က ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်း၊ စွမ်းအင်နှင့် ကျန်းမာရေး ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
“အိမ်အဆောက်အအုံတွေ ဆောက်တာ၊ လမ်းပန်းဆက်သွယ်ရေး၊ ရေပေးဝေရေးနဲ့ အခြား သက်ဆိုင်တဲ့ မြို့ပြကဏ္ဍများကို လုပ်ဆောင်ချင်ပါတယ်။ မြန်မာ ပြည်ရဲ့ မြို့ကြီးပြကြီးတွေ အထူးသဖြင့် ရန်ကုန်ကို ကူညီချင်ပါတယ်။ ပြင်သစ်မှာရှိတဲ့ ပါရီ မြို့တော်ဝန်ရုံးဟာ ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါဝင် ကူညီဖို့ အသင့်ရှိပါတယ်”ဟု ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။
ထို့ပြင် မြန်မာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လည်း ပြင်သစ်နိုင်ငံက ပါဝင်ကူညီရန် စိတ်ဝင်စားနေသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းလာပါက ပါဝင်ရန် အသင့်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်နိုင်ငံက အတူတူရှိနေကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
“ငြိမ်းချမ်းရေး သာမက အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ပါ ဖြစ်တာမို့ ပြင်သစ်ကို အကူအညီ တောင်းခဲ့ရင် ပါဝင်ကူညီဖို့ အသင့် ရှိပါတယ်။ မြန်မာပြည်ရဲ့ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ကွာဟမှု မရှိအောင် ဖွံ့ဖြိုး တိုးတက်မှုနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး လေးစားပါတယ်”ဟု သူက ဆိုသည်။
နှစ်နိုင်ငံအကြား စီးပွားရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လို၍ မြန်မာနိုင်ငံတွင် ပြင်သစ်ယဉ်ကျေးမှုဌာန ထူထောင်ခြင်း ၅၅ နှစ်မြောက် ပွဲတော်ကြီး ကိုလည်း ကျင်းပရန် ရှိကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် ပြင်သစ်ကုမ္ပဏီများသည် လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများကို ထည့်သွင်းစဉ်းစားပြီး ရင်းနှီးမြှပ်နှံသည့် ကုမ္ပဏီများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒရှိကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။