ရန်ကုန်တိုင်းဒေသကြီး ဒလမြို့တွင် အလေးချိန် ၂ တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံး ၁ တုံးကို ဇွန်လ ၁၅ ရက်နေ့ က ဖမ်းဆီးရမိခဲ့ကြောင်း ဒလမြို့မ ရဲစခန်းက ပြောသည်။
ကျောက်စိမ်းတုံးကို ရေကမ္ဘာ ကုမ္ပဏီပိုင် ယာဉ်ဖြင့် ဘုရင့်နောင် ကားကြီးကွင်းသို့ ပို့ဆောင်ရန် ယာဉ်မောင်း ဦးကျော်ဌေးနှင့် အတူ ၁၇ နှစ်အရွယ် သီဟကျော်တို့က သယ်ဆောင် မောင်းနှင်လာရာ ဒလမြို့နယ် မီးသတ်ဦးစီး ဌာနရုံးရှေ့တွင် စောင့်ဆိုင်းစစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဒလမြို့မရဲစခန်း စခန်းမှူး ရဲအုပ်သက်နိုင်က “ကျောက်ဝယ်တဲ့သူက ဒလမြို့ခံတဦးပါပဲ၊ အထောက်အထားတွေ အတည်ပြု စစ်ဆေးနေတုန်းပါ၊ နေပြည်တော် ကျောက်မျက် လုပ်ငန်းကိုလည်း လာစစ်ပေးဖို့ စာပို့ထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်စိမ်းတုန်းသည် အလျား ၆ပေ ၅လက္မ၊ အနံ ၃ပေ ၅ လက္မ၊ အမြင့် ၂ပေရှိပြီး မန္တလေးမြို့ရှိ ရာဇာညီနောင် ကျောက်မျက် ကုမ္ပဏီမှ ကျပ် သိန်း ၂၁၀ ဖြင့် ဝယ်ယူပြီး ဒလမြို့နယ်သို့ သယ်ဆောင်ခဲ့ဲခြင်း ဖြစ်ကြောင်း သစ်တော၊ သတ္ထုနှင့် သယံဇာတ ဝန်ကြီးဌာနသို့ တင်ပြသည့်စာတွင် ဖော်ပြထားသည်။
ဒလမြို့တွင် နေထိုင်သူ ဦးတင်လှက “ဒလဘက်ကမ်းမှာ ဒီလိုကျောက်စိမ်းတုန်းကြီး ဖမ်းမိတယ် ဆိုတာမျိုး အရင်တုန်းက မကြား မိဘူး။ ကျောက်စိမ်းကလည်း တော်တော်လေး ကြီးတယ်ဆိုတော့ ဒေသခံတွေလည်း စိတ်ဝင်စားကြတယ်”ဟု ပြောသည်။
အဆိုပါ ကျောက်စိမ်းကို သယ်ဆောင်လာသည့် ရေကမ္ဘာ ကုမ္ပဏီယာဉ်သည် ကျောက်ပိုင်ရှင်က ငှားရမ်းခဲ့သည့် အတွက် လိုက်လံ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ပြောပြသည်။
ကျောက်စိမ်းအရိုင်းတုံးကို ဒလမြို့မရဲစခန်းတွင် သိမ်းဆည်းထားပြီး ယာဉ်မောင်း ဦးကျော်ဌေးနှင့် သီဟကျော် တို့အား (ပ)နံပါတ် ၂၇၂/၂၀၁၆ ၊ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၄၂ (က) ဖြင့် အမှုဖွင့်ထားပြီး ဇွန် ၁၈ ရက်တွင် တရားရုံးထုတ်မည် ဖြစ်ကြောင်း သိရသည်။