ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည့် အိမ်အကူလုပ်သားများ အခွင့်အရေးအတွက် အခြေခံ အခွင့်အရေးများ ရရှိစေရန် ထိုင်း၊ မြန်မာအစိုးရများအနေဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောဆိုသည်။
ဇွန်လ ၁၆ ရက်နေ့တွင် ကျရောက်သော ၅ ကြိမ်မြောက် နိုင်ငံတကာ အိမ်အကူလုပ်သားများနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ရာ အလုပ်သမားများက ဧရာဝတီသို့ ပြောဆိုခြင်း ဖြစ်သည်။
အဆိုပါပွဲကို ထိုင်းနိုင်ငံတွင်းရှိ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်ရသော အခက်အခဲများကို သိရှိနိုင်စေရန် အလုပ်သမားများ၊ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများ၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ NGO အဖွဲ့ ဖြစ်သည့် MAP ဖောင်ဒေးရှင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း အလုပ်သမား အဖွဲ့များ ကွန်ရက်တို့က အလုပ်သမားများအတွက် အခြေခံအခွင့်အရေးများ ရရှိနိုင်မည့် နည်းလမ်းများအားစဉ်းစားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။
မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲများကြောင့် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ကောင်းမွန်လာသော်လည်း ယင်းတိုးတက်မှုများက အိမ်အကူ အဖြစ် လုပ်ကိုင်နေရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် သက်ရောက်မှု နည်းပါးနေသည်ဟု ၎င်းတို့က ဆိုသည်။
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိစေချင်ကြောင်း အိမ်အကူ အလုပ်သမတဦးအဖြစ် အလုပ်လုပ်ခဲ့ဖူးသည့် ကြယ်စင်က ဧရာဝတီသို့ ပြောဆိုသည်။
ကြယ်စင်သည် ထိုင်းနိုင်ငံတွင် ခြောက်နှစ်ကျော်ကြာ လာရောက်နေထိုင် အလုပ်လုပ်ကိုင်နေပြီး မကြာသေးမက အိမ်ဖော်အလုပ်မှ နှုတ်ထွက်ခဲ့သူ ဖြစ်သည်။ အိမ်ဖော်အဖြစ် တနေ့ ၁၄ နာရီကျော်ကြာ အလုပ်လုပ်ရပြီး နားရသည့်ရက် ပုံမှန်မရှိဟု သူက ဆိုသည်။
သူသည် လက်ရှိ၌ စားသောက်ဆိုင်တခုတွင် ညနေ ၆ နာရီမှ ည ၂ နာရီအထိ အလုပ်လုပ်နေသူ ဖြစ်သည်။
“အိမ်အလုပ်က ပင်ပန်းတယ်။ ပြီးတော့ တယောက်တည်းပဲ။ အပြင်က ပြင်ပ ဗဟုသုတ ရဖို့လည်း မရှိဘူး။ အဲဒီအတွက် အခုလို စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်တာ ဟု သူက ဆိုသည်။
စားသောက်ဆိုင်အလုပ်တွင် သူမ ဝင်ငွေ လျော့ကျသွားသော်လည်း အပြင်တွင် စကားပြောဆို ပေါင်းသင်းဆက်ဆံမှု နှင့် ဗဟုသုတ ရမည်ဟု မျှော်လင့်ကြောင်း၊ အနိမ့်ဆုံးလုပ်ခမှာ တနေ့လျှင် ဘတ် ၃၀၀ ( မြန်မာငွေ ၁ သောင်းကျပ်ခန့်) ထက် နည်းပါးပြီး တနေ့လျှင် အလုပ်ချိန် ၈ နာရီအတွက် ဘတ် ၂၀၀ ( မြန်မာငွေ ၇၀၀၀ ကျပ်ခန့် )သာ ရသော်လည်း အလုပ်ပင်ပန်းမှုမှာ ယခင်ကထက် သက်သာသည်ဟုလည်း ရှင်းပြသည်။
အိမ်အကူ အလုပ်သမတဦးဖြစ်သည့် မခင်ဖုန်းမော်ကမူ ပိုင်ရှင်အိမ်တွင် နေပြီး အချိန်ပြည့် အလုပ်သမားအဖြစ် မလုပ်ဘဲ ပြင်ပမှ အလုပ်လုပ်မည့် အိမ်သို့ သွားပြီး တနေ့ ၈ နာရီအတွင်းသာ အလုပ်လုပ်သည်ဟု သိရသည်။
“အပြင်မှာနေပြီး အသွားအပြန်နဲ့ အိမ်အကူအလုပ်က ပိုလွတ်လပ်တယ်” ဟု လက်ရှိတွင် MAP ဖောင်ဒေးရှင်း၏ ရွှေ့ပြောင်း အလုပ်သမားများအတွက် ရည်ရွယ်လွှင့်ထုတ်နေသည့် ရေဒီယိုအစီအစဉ်တွင် အချိန်ပိုင်း ဝင်ရောက်လုပ်ကိုင်နေသည့် မခင်ဖုန်းမော်က ဆိုသည်။
ဆွေးနွေးပွဲတွင် အိမ်အကူများအပါအဝင် ရွှေ့ပြောင်းလုပ်သားများ အများဆုံး ရင်ဆိုင်ရသည့် လုပ်အားခ အပြည့်အဝမရခြင်း၊ သတ်မှတ်အလုပ်ချိန် ၈ နာရီထက် ပိုလုပ်ရခြင်း၊ လူမှုဖူလုံရေး ဝန်ဆောင်မှုမရခြင်းနှင့် ယင်းအခက်အခဲများကို အာဏာပိုင်များက အသိအမှတ်မပြုခြင်း စသည် အခြေအနေတို့ကို အဓိက ပြောဆိုကြသည်။
အဆိုပါပွဲသို့ ထိုင်းဒေသတွင်း အာဏာပိုင်များဖြစ်သော ကုန်းလမ်းပို့ဆောင်ရေး၊ လူမှုဖူလုံရေးနှင့် အလုပ်သမား ကာကွယ်ရေး ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ၎င်းတို့ အမြင်များလည်း ဖလှယ်ပေးခဲ့ကြသည်။
မြန်မာလုပ်သားအများစုသည် ဥပဒေကြောင်းအရ ကာကွယ်ပေးမှုများ မရသလို အခြေခံလူ့အခွင့်အရေးများလည်း မကြာခဏ ချိုးဖောက်ခံရသည်ဟု MAP ဖောင်ဒေးရှင်း၏ အိမ်အကူလုပ်သားအစီအစဉ်မှ တာဝန်ခံ မဖိန် က ဆိုသည်။
“သူတို့တွေဟာ ILO သဘောတူညီချက် အမှတ် ၁၈၉ နဲ့အညီ၊ တနေ့ကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာပဲ အလုပ်လုပ်ခွင့်၊ အနိမ့်ဆုံးလုပ်ခနှင့်အညီ ရပိုင်ခွင့်၊ အလုပ်နားရက် ရခွင့်၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်ခွင့်တွေရဖို့ လိုအပ်တယ်။ NLD အစိုးရသစ်အနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်သမားအခွင့်အရေးအတွက် အာမခံပေးဖို့ ထိုင်းအစိုးရကို ဖိအားပေးပြောဆိုသင့်တယ်” ဟု မဖိန်က ဧရာဝတီသို့ ပြောဆိုသည်။
လာမည့် ကြာသပတေးနေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ လာရောက်ရန်ရှိပြီး မဟာချိုင်ရှိ မြန်မာအလုပ်သမားများနှင့် တွေ့ဆုံရန် ရှိသည်ဟုလည်း ပြောဆိုမှုများ ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ်ကလည်း ထိုင်းနိုင်ငံသို့ လာရောက်စဉ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် တွေ့ဆုံခဲ့သေးသည်။
ကမ္ဘာတဝှမ်းတွင် လုပ်အားခအပြည့်မရသော၊ အလုပ်လုပ်သူအဖြစ် သတ်မှတ်မခံရသော အိမ်အကူလုပ်သားပေါင်း ၆၇ သန်းခန့်ရှိပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း အိမ်အကူအဖြစ် မှတ်ပုံတင်ထားသူ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀၀ ခန့် ရှိသည်။