အများအားဖြင့် ဘာသာရေးနဲ့ အနုပညာ သီးခြားစီလို့ ဘာသာ အတော်များများက ယူဆထားကြပြီး အနုပညာ ဖန်တီးမှုကို အားမပေးကြပါဘူး။ တချို့ဘာသာတွေမှာ အားမပေးတဲ့အပြင် ဆန့်ကျင်တာမျိုးတောင် ရှိပါတယ်။
တချို့ဘာသာကျတော့ အနုပညာ ဖန်တီးမှု၊ ခံစားမှုတွေဟာ သံသရာက လွတ်ကြောင်း အမှန် မဟုတ်တဲ့အတွက်၊ သံသရာကို လည်ပတ်စေတဲ့၊ တဏှာ လောဘကို ဖြစ်စေတဲ့ အကြောင်းတရားတွေ ဖြစ်လို့ အနုပညာ ဖန်တီးမှုကို ရှောင်ကြဉ်ရမယ်လို့ ဆိုတာတွေ ရှိပါတယ်။ သို့ပေမယ့် ဘာသာရေးဆိုင်ရာ အဆောက်အဦးတိုင်းကို လေ့လာကြည့်ရင် အနုပညာနဲ့ ကင်းပတဲ့ အဆောက်အဦးရယ်လို့ မရှိပါဘူး။
ဥပမာ ရှေးအကျဆုံးလို့ ဆိုနိုင်တဲ့ အာဂျန်တာ လိုဏ်ဂူထဲက ပန်းပုပန်းချီလက်ရာများ၊ ဟိန္ဒူဘုရားကျောင်းများရှိ ပန်းပုပန်းချီ လက်ရာများ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများရှိ ပန်းချီပန်းပု လက်ရာများ၊ ဘုရားစောင်းတန်းတွေမှာ တွေ့ရတဲ့ ကောသလမင်းကြီး အိပ်မက်၊ ဇာတ်ကြီး ဆယ်ဘွဲ့ ပန်းချီပန်းပုတွေဟာ ဘာသာရေး ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်စပ်နေတဲ့ အနုပညာ ဖန်တီးမှုတွေပါပဲ။ အစ္စလာမ်တို့ရဲ့ တာ့ဂျ်မဟာ အပါအဝင် ဗလီဝတ်ကျောင်းတွေမှာလည်း ပန်းချီဆေး ရေးခြယ်မှုနဲ့ မကင်းနိုင်တာ တွေ့နိုင်ပါတယ်။ ဒါကြောင့် အနုပညာနဲ့ ဘာသာရေး ယုံကြည်ကိုးကွယ်မှုဟာ နက်နက် ရှိုင်းရှိုင်း ဆက်စပ်နေတယ် ဆိုတာ သိမြင်နိုင်ပါပြီ။ ဘာသာရေး ယုံကြည်မှုနဲ့ ဆက်စပ်ဖန်တီးတင်ပြတဲ့ Prophetic Art အကြောင်း တင်ပြချင်ပါတယ်။
Prophetic Art
Prophetic Art ဆိုတာ ထာဝရ ဘုရားသခင်ရဲ့ နှလုံးသားချစ်ခြင်း ရောင်ပြန်၊ ဝိညာဉ်တော်ရဲ့ မေတ္တာရေလျဉ်ကို အနုပညာက တဆင့်ဖော်လှစ် ညွှန်းဆိုပြတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ဖန်တီးမှုထဲမှာ form, line, texture, colour, symbols တွေပါဝင်ပြီး အမြင်ပိုင်း ဆိုင်ရာအရ ထပ်ဆင့် ခံစားနားလည်ပြီး ကြည့်သူရဲ့ နှလုံးအိမ်ကို စွဲထင်မြင်မိစေတဲ့ ဖန်တီးမှုပါ။ ကြားခံအဖြစ် သုံးစွဲတာတွေကလည်း အစုံပါပဲ။
Biblical Art နဲ့ ဘာကွာလဲ
Biblical Art က ယေဘုယျ အားဖြင့် သမ္မာကျမ်းစာမှာ ပါတဲ့ ပုဂ္ဂိုလ်တွေ အကြောင်း၊ ဖြစ်စဉ်ဇာတ်လမ်းတွေကို ပုံဖော်တင်ပြတာ ဖြစ်ပြီး၊ အဲဒီတင်ပြမှုကတဆင့် လူသားတို့ရဲ့ စိတ်မှာ ဘုရားသခင်နဲ့ ပိုမိုနီးစပ်လာစေတဲ့ အပြင် လူသားအချင်းချင်းလည်း နှလုံးသားချင်း ပိုမိုနီးကပ်စေအောင် ဖန်တီးစေ့ဆော်ပေးတာ ဖြစ်တယ်။ သို့ပေမယ့် Prophetic Art ကတော့ ဘုရားရှင်က လူတွေကို စကားပြောနေပြီ၊ ဆက်သွယ်နေပြီ၊ အသံတော် အနေနဲ့ မဟုတ်ဘဲ အမြင်ပိုင်း ဆိုင်ရာအရ အရောင်တွေ ပုံသဏ္ဌာန်တွေ၊ သင်္ကေတတွေနဲ့ တိုက်ရိုက်ပြောနေတာကို တိုက်ရိုက်ဆက်သွယ် ရေးဆွဲတင်ပြတာ ဖြစ်တယ်။
Prophetic Artist ဖြစ်တဲ့ မြန်မာ ပန်းချီဆရာမ မာရီယာ အိဇာ ပြောပြတာက “ဖန်တီးမှု ဆိုတာ ဘုရား လက်တော်မှာကတည်း တွေ့ခဲ့ပြီးသားပါ၊ ဒါပေမယ့် တချို့ကတော့ ဘာသာရေးနဲ့ အနုပညာကို တခြားစီ ခွဲခြားမြင်ကြတယ်။ ကျမ အတွက်လည်း အစပိုင်းမှာ အဲဒီ အမြင်ကြောင့် တွေဝေခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ကြည့် လေ့လာမိတော့မှ ဝတ်ပြု ကိုးကွယ်ခြင်း (Worship) ထဲမှာလည်း Art ပါနေတယ် ဆိုတာ သိမြင်လာတယ်။ ဝတ်ပြုတဲ့ အခါ Talent ဖြစ်တဲ့ Music ကို ဖန်တီးသလိုပဲ အခုလည်း ဝတ်ပြု နေစဉ်မှာ ဘုရားသခင်ရဲ့ စေ့ဆော် လိုလားချက်ကို လက်တန်းဆွဲရတဲ့ ရတာ ဖြစ်ပါတယ်” လို့ ပြောပြပါတယ်။
၁၉၇၉ ခုနှစ်ဖွား၊ ဦးဖေဝင်း (ဂီတာဖေဝင်း) နဲ့ အမိ ဒေါ်မေမေဌေးတို့ရဲ့ သမီး မာရီယာ အိဇာဟာ ၂၀၁၄ ခုနှစ်က Prophetic Art ထင်ဟပ်ရေးဆွဲမှုကို ရန်ကုန်မြို့ ၊ လှိုင်မြို့နယ် အုတ်ကျင်းရှိ The City Church မှာ ပထမဆုံး စတင် ပြုလုပ်ခဲ့တာ ကြောင့် မြန်မာပြည်ရဲ့ ပထမဆုံး Prophetic Artist တဦး ဖြစ်လာခဲ့ပါတယ်။ အခု အခါမှာတော့ အဲဒီ ဘုရားကျောင်းက လှိုင်မြို့နယ် သံလမ်းမှာ တည်ရှိနေပါပြီ။ အဲဒီနှစ် ဒီဇင်ဘာမှာတော့ သူဟာ စင်ပူရှိ Church of Singapore မှာလည်း Prophetic Art ရေးဆွဲခဲ့သေးပါတယ်။
သူ ပြောတာက “အပတ်စဉ် ဒါမှမဟုတ် တလ နှစ်ပတ် စသည်ဖြင့် ကိုယ်အားသလို Sunday worship service ဘုရားရှိခိုးတဲ့ အချိန် Praise & Worship လုပ်တဲ့ နာရီဝက် အတွင်းမှာ တိုက်ရိုက် (Live) ဆွဲရတာ၊ အောက်ခံဆေး ဖြည့်တာရော၊ ကာလာစပ်တာရော၊ ကိုယ်ဆွဲမယ့် Subject ရော အဲဒီ တချိန်တည်းမှာ စိတ်ထဲ ပေါ်လာတာကို ဆွဲချရတာ၊ နာရီဝက်လောက်ပဲ။ တခြား ဝတ်ပြုသူတွေလည်း အပြီး၊ ရေးဆွဲမှုလည်း အပြီးပဲ။ Prophetic Art က Live ရေးဆွဲရတဲ့ အတွက် Canvas ပေါ်မှာ Acrylic နဲ့ ဆွဲဖြစ်ပါတယ်။ ပုံမှန်ဆွဲနေကျ Canvas size တွေက 18″-24″ တွေပါ။ အကြီးဆုံး size ကတော့ 2015 National Youth Conference မှာ ဆွဲခဲ့တဲ့ 4′-3′ ကားကြီး တကားပါ။ အခုကားပေါင်း ၃၀ လောက်ကို ပြပွဲတရပ် အနေနဲ့ ပြသဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။
မာရီယာ အိဇာဟာ ၁၉၉၆ ကနေ ၂၀၁၀ အထိ ပန်းချီဆရာ ဆရာမများထံမှာ အလွတ်ပန်းချီပညာ သင်ယူခဲ့တာ ဖြစ်ပြီး၊ ၂၀၀၂ ခုနှစ်မှာ ရုက္ခဗေဒ အထူးပြု (B.Sc Botany (Q)) နဲ့ ဘွဲ့ရခဲ့ပြီး၊ အရှေ့ပိုင်း တက္ကသိုလ်က ဘွဲ့လွန် အင်္ဂလိပ်စာ Diploma Dip ELT နဲ့ ၂၀၁၄ ခုနှစ်မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ Master of Divinity (ပိုင်းခြားနားလည်ခြင်း) ကို ရခဲ့ပါတယ်။
သူ့ရဲ့ ဖန်တီးမှု အပေါ် Statement ကတော့ “ဖန်တီးမှု တခုစီတိုင်းမှာ လုံလောက်တဲ့ ပေးဆပ်မှုတခု ရှိနေတယ်၊ နက်နဲတဲ့ အတွေးတခု ရှိနေတယ်၊ နှလုံးသားနဲ့ ရင်းထားတဲ့ အသိတခု ပါဝင်နေတယ်၊ ဖန်တီးသူရဲ့ စိတ်ခံစားချက် တစွန်းတစ တွေ့ရတတ်တယ်၊ အနုပညာ ဘာသာစကားနဲ့ သိမြင်ခံစား နားလည်နိုင်တဲ့ ရသတွေ ရှိနေတယ်။ ဖန်တီးမှု တခုစီတိုင်းက ဖန်တီးသူ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အသက်ရှုသံ အစိတ်အပိုင်းတွေဖြစ်တယ်” လို့ ဆိုပါတယ်။
ကိုကား – jbrushwork.com, theworshipstudio.org, art-by-dreamweaver.com