မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့အစည်း တခုဖြစ်သည့် “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) အပါအဝင် သူ၏ မဟာမိတ်အဖွဲ့ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA) တို့ကို အစိုးရသစ်က အပစ်ရပ်လက်မှတ်ထိုးရန် ကမ်းလှမ်းသည်ဟု သိရသည်။
အစိုးရက အပစ်မရပ်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းရန် ဖွဲ့စည်းပေးထား သော “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)” နှင့် UWSA၊ NDAA တို့ ယခုလ ၁၇ ရက်နေ့က မိုင်းလားမြို့တွင် သီးခြားစီတွေ့ဆုံ၍ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ သည့် ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က သူ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
“ကျနော်တို့အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)မှာ ပူးပေါင်းပါဝင်ရန်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁-ရာစုပင်လုံ) ကိုတက်ရောက်ရန်နဲ့ အဆင်သင့်ဖြစ်တဲ့အချိန်မှာ တိုင်းရင်းသားခေါင်းဆောင်များ နေပြည်တော်ကို လာရောက်ပြီး နိုင်ငံတော်အကြီးအကဲများနဲ့ တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားခဲ့ပါတယ်”ဟု ဖော်ပြထား သည်။
နိုင်ငံတော် အေးချမ်းရေးအတွက် အပြုသဘောဆောင်သည့် ချဉ်းကပ်မှုများနှင့် ရင်းနှီးပွင့်လင်းစွာ သဘောထား အမြင်များ ကို ဆွေးနွေးခဲ့ကြကြောင်း၊ အစိုးရဘက်က ကမ်းလှမ်းချက်ကို ဦးကျောက်ကော်အန်း ဦးဆောင်သည့် UWSA နှင့် ဦးစိုင်းလင်း ဦးဆောင်သော NDAA ဘက်က ဝမ်းမြောက်ဝမ်းသာ လက်ခံကြသည်ဟုလည်း ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က သူ၏ Facebook စာမျက်နှာတွင် ရေးထားသည်။
ပြည်နယ်အုပ်ချုပ်ခွင့် ရရှိရေး တောင်းဆိုနေသည့် UWSA က ၎င်းတို့နှင့် အစိုးရကြား ယခင်က ချုပ်ဆိုခဲ့သော အပစ်ရပ် စာချုပ် သည် ၂၆ နှစ်ကျော် ကြာခဲ့ချိန်အထိ အပစ်အခတ် ရပ်စဲရေး မပျက်ပြယ်သေးသဖြင့် NCA ကို လက်မှတ် ရေးထိုးရန် မလိုအပ်ဟု တရားဝင် ထုတ်ဖော် ပြောဆိုထားသော အဖွဲ့ဖြစ်သဖြင့် အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် မည်ကဲ့သို့ သဘော တူညီချက် ရရှိခဲ့သည်ကို အသေးစိတ် မသိရပေ။
ဆွေးနွေးပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းက “ကျနော်တို့ အသေးစိတ်တော့ သတင်းမထုတ်ဘူးခင်ဗျ။ ကျနော့် Facebook တင်ထားတဲ့ အချက် ၃ ချက်ပေါ့ဗျာ။ အဲဒါပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ထိုဆွေးနွေးပွဲနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၂)” အဖွဲ့ ဥက္ကဋ္ဌ လည်းဖြစ် စေ့စပ်ညှိနှိုင်းရေး တာဝန်ခံလည်းဖြစ်သည့် ဒေါက်တာ တင်မျိုးဝင်း အပါအဝင် UWSA၊ NDAA တာဝန်ရှိသူများထံ ဧရာဝတီက တယ်လီဖုန်းနှင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေဆိုကြခြင်း မရှိပါ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များတွင် အင်အားအကြီးဆုံး ဖြစ်သည့် UWSA သည် အင်အား ၃၀၀၀၀ ကျော် ရှိမည် ဟု စစ်ရေး လေ့လာသူများက ခန့်မှန်းပြောဆိုကြပြီး အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ရန် အစိုးရဘက်က ပြောဆိုလာ လျှင် UWSA က ပြည်နယ်ရရှိရေးကိစ္စကို ထပ်မံတွန်းအားပေး ပြောဆိုလာဖွယ်ရှိသည် ဟု တိုင်းရင်းသားအရေး လေ့လာသူ များက သုံးသပ် ပြောဆိုနေကြသော်လည်း ယခုဆွေးနွေးပွဲတွင် ပြည်နယ်ကိစ္စ တခွန်းမှ ပြောဆိုခြင်းမရှိကြောင်း ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က ပြောသည်။
NDAA အဖွဲ့သည် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နှင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် ငြိမ်းချမ်းရေးစာချုပ် အသစ် အဖြစ် ပဏာမ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုထားပြီး ပြည်ထောင်စု အဆင့်အထိ ငြိမ်းချမ်းရေး ဆွေးနွေးထားသည်။
သို့သော်လည်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်သော NCA လက်မှတ်ရေးထိုးပွဲတွင် မပါဝင်ခဲ့ဘဲ UWSA နှင့်အတူ ရပ်တည်ခဲ့သည်။
NDAA သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ် ပါတီမှ ခွဲထွက်၍ အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့်အဖွဲ့ဖြစ်ပြီး အစိုးရက အထူးဒေသ (၄) အဖြစ် သတ်မှတ်၍ ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်မြေတချို့ကို အုပ်ချုပ်ခွင့် အာဏာပေးထား သည်။