ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA) တပ်ဖွဲ့ဝင် ၂၀ ကျော် သည် ကရင် အမျိုးသားအစည်း အရုံး (KNU) ထံသို့ သွားရောက် ပူးပေါင်းကြောင်း သတင်းရရှိသည်။
DKBA တပ်ရင်း ၉၀၈ မှ တပ်ဖွဲ့ဝင် ၂၀ ကျော်ပါဝင်သည့် အဖွဲ့က KNU လက်အောက်ခံ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း ၂၀၁ ထံသို့ ဇွန်လ ၁၇ ရက်တွင် လာရောက် ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်း KNU က ပြော သည်။
DKBA တပ်ဖွဲ့ဝင်များအနေဖြင့် KNLA ထံသို့ ယခုကဲ့သို့ လာရောက် ပူးပေါင်းခဲ့ခြင်းသည် ဗိုလ်ချုပ်ကြီး စောလားပွယ် ကွယ်လွန်ပြီးနောက် လက်ရှိ DKBA စစ်ဦးစီးချုပ် စောမိုရှေး လက်ထက်တွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
KNU ဗဟိုကော်မတီဝင် ဖဒိုစောသမိန်ထွန်းက “DKBA ဘက်က တပ်ဖွဲ့ဝင်တချို့ ပြန်လည်ဘက်ပြောင်း ဝင်လာတာ ဟုတ် ပါ တယ်၊ ဘာကြောင့်ဝင်လာတယ် အသေးစိတ်ကိုတော့ ကျနော် မသိရသေးဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
KNLA ထံ ယခုဝင်ရောက်လာသည့် တပ်ရင်း ၉၀၈ မှ တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် မြဝတီမြို့နယ် ဆုံဆည်းမြိုင် အခြေ စိုက် ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်ခဲ့သည့် DKBA တပ်ဖွဲ့ဝင်များဖြစ်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) က ပြောသည်။
ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်ခဲ့သည့် DKBA တပ်ဖွဲ့သည် KNU တပ်ဖွဲ့မှ ၁၉၉၄ ခုနှစ်တွင် သီးခြားခွဲ ထွက်၍ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ DKBA တွင် စစ်ဦးစီးချုပ် စောမိုရှေး ဦးဆောင်သည့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA) နှင့် ၎င်း၏ တပ်ဖွဲ့ဝင်ဟောင်းတချို့မှ ခွဲထွက်ကာ ယခင်နာမည်ဟောင်းဖြင့် ပြည်လည်ဖွဲ့စည်းထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ဟူ၍ နှစ်ဖွဲ့ ကွဲပြားလျက် ရှိသည်။
ကရင် လက်နက်ကိုင် တပ်ဖွဲ့များအကြားတွင် KNU၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် DKBA ၊ KNU/KNLA-PC တို့ ပါဝင်သည့် ကရင့်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး တပ်ဖွဲ့တခုတည်း အနေဖြင့် ပြန်လည် ပေါင်းစည်းရေးကို ဆွေးနွေးလျက်ရှိကြောင်း ကရင်တပ်ဖွဲ့များကပြောသည်။
လက်နက်ကိုင်တပ်ဖွဲ့များ ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးလျက်ရှိရာတွင် ယခုကဲ့သို့ တပ်ဖွဲ့ဝင်များ ပူးပေါင်လာခြင်းကို ကြိုဆိုကြောင်းလည်း KNU ဘက်က ပြောကြားခဲ့သည်။
ယင်းသို့ ကရင်လက်နက်ကိုင် တပ်ဖွဲ့များ တစ်ဖွဲ့တည်း ပြန်ပေါင်းစည်းရေးအတွက် လူထုဆန္ဒခံယူပွဲများကိုလည်း ဒေသခံ များနှင့် လက်နက်ကိုင် တပ်ဖွဲ့တို့ပူးပေါင်း၍ မြို့နယ်တချို့တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA) သည် ယခင်အစိုးရလက်ထက် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA)တွင် ပါဝင်လက်မှတ် ရေးထိုးထားသည့် တပ်ဖွဲ့ ဖြစ်သည်။